မုတ္တမပင်လယ်ကမ်းရိုးတန်းတလျောက်ပေါ်ထွန်းလာသည့် ကမ်းတက်မြေနေရာများတွင် ဖြစ်ထွန်းနေသည့် ဒီရေတောများထိန်းသိမ်းရေးအတွက် ဒုတိယဝန်ကြီးဦးအေးမြင့်မောင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီရေတောများအပါအဝင် ကမ်းရိုးတန်းဂေဟ စနစ်များ၏ အရေးပါမှုကို ၂၀၁၂ခုနှစ်၊ ဇွန်လအတွင်းဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျေနေရိုးမြို့၌ ကျင်းပသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များက ထပ်မံအသိအမှတ်ပြုခဲ့ကြ သည်။ဒီရေတောများသည်ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါဂေဟစနစ်များအကြား ဆက်စပ်ပေးသည့် နေရာ တွင် ရပ်တည်လျှက်ရှိပြီး၊ ကုန်းနေရေနေသတ္တဝါများနှင့် အပင်များနှစ်မျိုးလုံးရှင်သန်ရပ်တည်နိုင်သည့် ဂေဟစနစ်များဖြစ်၍ မြေအသုံးချမှုပြောင်းလဲပြီးပါကပြန်လည်တည်ထောင်ရန်ခက်ခဲသည့် ဂေဟ စနစ် ဖြစ်သည်။ ဒီရေတောများမှ ဒေသခံပြည်သူများအသုံးပြုရန်ထင်း၊ မီးသွေး၊ တိုင်၊ မျော၊ ဆေးဘက်ဝင် အပင်များနှင့် အခြားသစ်တောထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်သည်။ စိုက်ပျိုးမြေများအား ပင်လယ် ဆားငံရေဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည့်အပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်ခြင်း ဖြင့်လည်းဝင်ငွေရရှိစေနိုင်သည်။ဒီရေတောများအနီးဝန်းကျင်ရှိဒေသခံပြည်သူများအားဆူနာမီ၊ မုန်တိုင်း ကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည်။ ၂၀၀၈ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ် စဉ်အခါကကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာ၌ သဘာဝဒီရေတောများ၏ တားဆီးကာကွယ် မှုကြောင့် အခြားကျေးရွာများ၌ ခံစားခဲ့ရသည့် သေကြေမှု၊ ထိခိုက်မှုမျိုးတွေ့ကြုံရခြင်းမရှိဘဲနေအိမ်၊ အဆောက်အဦအချို့သာ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မုတ္တမကမ်းရိုးတန်း၊ ကမ်းတက်မြေနေရာများတွင် ပေါ်ပေါက်လာသောဒီရေတောများအား ပြည်သူလူထုဗဟိုပြု ဒီရေတောစီမံအုပ်ချုပ်မှု ဆောင်ရွက်နိုင် ရေးအတွက် ကြိုးပြင်ကာကွယ်တောဖွဲ့စည်းနိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရန် အတွက် လယ်ယာ၊သားငါး၊ သစ်တောကဏ္ဍဆပ်ကော်မတီ၊ ဒုတိယဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအေးမြင့်မောင်သည်မတ်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းဒေသသို့သွားရောက်ခဲ့ကြောင်းသိရသည်။ တွေ့ဆုံပွဲသို့ ကန်လျားရှည်၊ ရွာသစ်ကုန်း၊ ကညင်ပင်၊ အင့်ဟင်ကုန်းနှင့် လက်ခုပ်ကုန်း ကျေးရွာတို့မှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး၊ ထိုသို့တွေ့ဆုံရာ၌ ဒုတိယဝန်ကြီးကကမ္ဘာပေါ်၌ လူဦးရေ တစ်နေ့တစ်ခြားတိုးပွားလျက်ရှိသော်လည်း မြေဧရိယာမှာ အကန့်အသတ်ဖြင့်သာရှိကြောင်း၊ လူသားတို့၏ ဘဝရှင်သန်ရပ်တည်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြေအသုံးချမှုများကို စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်မှု မရှိပါက သဘာဝကပေး အပ်ထားသည့် သဘာဝအရင်းအမြစ်များ တစ်စတစ်စဆုတ်ယုတ်လာမည်ဖြစ်ပါကြောင်း၊ သဘာဝ အရင်းအမြစ်များဆုတ်ယုတ်သည့်နည်းတူ သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးပါ ကရာသီဥတု ဖေါက်ပြန်ပျက်စီး၍ ပြင်းထန်သောသဘာဝဘေးဒဏ်များကိုတွေ့ကြုံခံစားရမှာဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၌ ၁၉၂၀ ခုနှစ်၊ အချိန်ကာလကလူဦးရေ သန်း၂၀ ခန့်သာရှိသော်လည်း၊ ယခုအချိန်ကာလတွင် လူဦးရေသန်း၆၀အထိရှိလာပြီဖြစ်ကြောင်း၊ မြေဧရိယာမှာ ယခင်ကာလအတိုင်းသာ ဖြစ်သော်လည်း လူဦးရေတိုးပွားမှုကြောင့် မြေအသုံးချမှုပြဿနာများရှိလာကြောင်း၊ ဒေသခံပြည်သူတို့၏ မတူကွဲ ပြားသည့်ဆန္ဒတွေအကြားအတ္တနှင့်ပရကိုထိန်းညှိဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မြေယာပြဿနာများအားကော်မတီများဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများ ဆောင်ရွက်လိုသည့် ပြည်သူလူထုဗဟိုပြု ဒီရေတောစီမံအုပ်ချုပ် ထိန်းသိမ်းနိုင်ရေး အတွက် ကြိုးပြင်ကာကွယ်တောဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် အတွက်ပြည်သူတို့၏ဆန္ဒနှင့်လိုလားချက်များအားဘက်စုံ၊ ဒေါင့်စုံမှပြည့်စုံအောင်စုစည်းပြီးမှသာ အကောင်းဆုံးရလာဒ်ကို ပြဿနာအနည်းဆုံးနှင့် အကျိုးရှိဆုံးဖြစ်အောင် စဉ်းစားဆုံးဖြတ် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ပြည်သူ့တို့၏အခွင့်အရေးအားလုံးကို ဥပဒေမူဘောင်အတွင်းမှ ဆောင်ရွက်ပေးနိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဒီရေတောတည်ရှိသည့်နိုင်ငံများတွင် သတ္တမမြောက် ဧရိယာအများဆုံး နိုင်ငံ ဖြစ်ပြီး၊ ၂၀၁၀ပြည့်နှစ်တိုင်းတာရရှိမှုများအရ ဒီရေတောဖုံးလွှမ်းမှုဧရိယာမှာ ဧက တစ်သန်း နှစ်သိန်းခန့်ရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပင်လယ်ရေဝင်သောနေရာများတွင်သာ ဒီရေတောသစ်တောကြီးများ ထီးထီးမားမားရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ပင်လယ်နှင့်ဆက်စပ်နေသော်လည်း ဒီရေတော များအား ကျယ်ကျယ်ပြန့်ပြန့်မတွေ့ရှိရဘဲ၊ ပင်လယ်ရေဝင်သော မြစ်ချောင်းကမ်းပါးများ၌သာ တွေ့ရှိရပြီး၊ လွန်ခဲ့သော၁၀နှစ်ခန့် ပတ်ဝန်းကျင်မှစတင်၍ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွမြို့နယ် များ၏ ပင်လယ်ကမ်းရိုးတန်းတလျောက် ကမ်းတက်မြေများပေါ်ထွန်းခဲ့ပြီး၊ ကမ်းတက်မြေများ၌ သဘာဝဒီရေတောများကိုတွေ့မြင်လာရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များအတွင်း ကမ်းတက်မြေများ၌ ဖြစ်ထွန်းလာသည့် ဒီရေတောများထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပြင်ကာကွယ် တောဧရိယာဧက (၃၀၀၀)ဖွဲ့စည်းနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။