ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် သစ်ထုတ်ကုမ္ပဏီများတွေ့ဆုံဆွေးနွေးခြင်းသတင်း (၁၂-၃-၂၀၁၄၊နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် သစ်တောများရေရှည် တည်တံ့ပြီး သစ်နှင့် သစ်တောထွက်ပစ္စည်းများ စနစ်တကျသုံးစွဲနိုင်ရေးအတွက် နှစ်စဉ်ထုတ်လုပ် ရမည့် ပမာဏကို စနစ်တကျ တွက်ချက်သတ်မှတ်၍ နှစ်(၃၀)သစ်တောကဏ္ဍပင်မစီမံကိန်း၊ (၅) နှစ်စီမံကိန်းတို့ဖြင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် လျာထားချက်များချမှတ် ထုတ်လုပ်စေ လျက်ရှိပါသည်။ သစ်ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု မရှိစေရန်နှင့် နောင်လာနောင်သားတို့အတွက် သစ်သယံဇာတများ ထုတ်ယူသုံးစွဲနိုင်ရန် သစ်တောစိုက်ခင်း များကို တိုးချဲ့တည်ထောင်စိုက်ပျိုးလျက်ရှိရာ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် လည်း ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သစ်ထုတ်ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌(၁၂-၃-၂၀၁၄) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများ၊ သစ်ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာနသည် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ မြန်မာ့သစ်လုပ်ငန်း ကိုယ်စား ဆောင်ရွက်နိုင်စွမ်းရှိသော ပုဂ္ဂလိကသစ်ထုတ်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား ကန်ထရိုက် စနစ်ဖြင့် စိစစ်ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း၊ ဤသို့ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအား ကူညီရာရောက်သကဲ့သို့ လုပ်ကိုင်ခွင့် ရရှိခဲ့သော သစ်ထုတ်ကုမ္ပဏီများအနေဖြင့်လည်း ထိုက်သင့်သော အကျိုးအမြတ်များကို ရရှိခဲ့ ပါကြောင်း၊ သစ်ထုတ်သည့်ကုမ္ပဏီများအနေဖြင့် ရရှိသော စီးပွားရေးအကျိုးအမြတ်များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ ကြပါကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာနှင့်အဝန်းသစ်တောများ ပျက်စီးပြုန်းတီးခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်း နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့်လည်း အကြောင်း အမျိုးမျိုးကြောင့် သစ်တောများပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာကြောင်း၊ သစ်တောများ ပြန်လည်ပြုစုထိန်းသိမ်းရာတွင် သဘာဝမျိုးဆက် ခြင်း နည်းလမ်းများရှိသကဲ့သို့ တောနိမ့်၊ တောပျက်နေရာများတွင် စိုက်ခင်းတည်ထောင်ခြင်းဖြင့် ပြန်လည်စိုက်ပျိုး ပြုစုပေးရမည်ဖြစ်ပါကြောင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်၍ ပုဂ္ဂလိကကျွန်းနှင့် သစ်မာသစ်တောစိုက်ခင်းများကို တည်ထောင်ခွင့်ပြုခဲ့ရာ လက်ရှိအချိန်အထိ ပုဂ္ဂလိကကျွန်းစိုက် ခင်း (၁၀၇၄၅၃)ဧကနှင့် ပုဂ္ဂလိကသစ်မာ စိုက်ခင်း(၄၆၁၈၀)ဧက၊ စုစုပေါင်းဧက(၁)သိန်းခွဲကျော် စိုက်ပျိုးတည်ထောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် သစ်ထုတ်လုပ် ခွင့်ရရှိသည့် ကုမ္ပဏီ(၁၈)ခုမှ ငွေကြေးရန်ပုံငွေစိုက်ထုတ်၍ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကျွန်းစိုက်ခင်း စုစုပေါင်းဧက (၁၀၃၀၀)ကို တည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ မြန်မာ့သစ်လုပ်ငန်းကိုယ်စားပြု သစ်ထုတ်သည့် ကုမ္ပဏီများအနေဖြင့် သစ်တောပြန်လည်ပြုစုရေးအတွက် သစ်တောစိုက်ခင်းများကို ပြန်လည် တည်ထောင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သစ်ထုတ်ကုမ္ပဏီများအနေဖြင့် သစ်တော ပြုန်းတီးမှုကာကွယ်ရေး၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်တည်တံ့ခိုင်မြဲရေးနှင့် သစ်တော သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးတို့အတွက် ပုဂ္ဂလိကသစ်တောစိုက်ခင်း များကို တိုးချဲ့တည်ထောင်စိုက်ပျိုးကြရန် ဆွေးနွေးမှာကြားပါသည်။ အစီအစဉ်အရ ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သစ်ထုတ်ကုမ္ပဏီများမှ တက်ရောက်လာသူများသည် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို အသေးစိတ်အပြန်အလှန် ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။