မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံ၏ အဖိုးတန်သယံဇာတဖြစ်သော သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် ပြုစုထိန်း သိမ်းခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများသာမက သစ်တောပြုန်းတီးမှု၏ အဓိကအကြောင်းအရင်း တစ်ခုဖြစ်သည့် သစ်နှင့် သစ်တောထွက်ပစ္စည်း ခိုးထုတ်သယ်ယူမှုများကို စဉ်ဆက်မပြတ် ဖမ်းဆီး ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၇-၅-၂၀၁၄) ရက်နေ့၊ (၁၉:၁၀)နာရီတွင် မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ ခေါင်းဆောင်သော သစ်တောဝန်ထမ်းများနှင့် ပြည်ကြီးတံခွန် ရဲစခန်းမှ ရဲမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လိုက်လံစစ်ဆေးနေစဉ် JP ဓာတ်ဆီဆိုင် အနီးနေရာတွင် ယာဉ်အမှတ် ၈စျ/၆၃၅၀ အဝါရောင်(၁၂)ဘီးကားပေါ်မှ တရားမဝင် တမလန်းခွဲသား(ဓားရွေ) (၁၀)တန်ခန့်အား ယာဉ် မောင်း ဦးသိန်းဇော်နှင့်အတူ ဖမ်းဆီးရမိကြောင်း၊ (၇-၅-၂၀၁၄) ရက်နေ့၊ (၂၀:၁၅)နာရီတွင် စွယ်တော်ကားကြီးဝင်းအတွင်း ယာဉ်အမှတ် ၇ခ/၁၉၄၄ UD (PF–6) အပြာရောင်(၁၂)ဘီးကား ပေါ်မှ တရားမဝင် တမလန်းခွဲသား(ဓားရွေ)(၁၀)တန်အား ဖမ်းဆီးရမိကြောင်းသိရှိရပြီး ဖမ်းဆီး ရမိ ယာဉ်(၂)စီးအား (၆၂)လမ်း သစ်တောရုံးဝင်းအတွင်း သယ်ယူသိမ်းဆည်းထားပြီး တရားခံ အား သစ်တောဥပဒေပုဒ်မ (၄၂)ခအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၄င်းအပြင်(၇-၅-၂၀၁၄)ရက်နေ့တွင်ပင် မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများနှင့် အမရပူရမြို့နယ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အမရပူရမြို့နယ် ရွှေလှံ ဗိုလ်ဘုန်းတော်ကြီးကျောင်းအနီး အလယ်ကွင်းစပ်နေရာမှ တရားမဝင် တမလန်းခွဲသား(၂၉၇) ချောင်း၊ (၂၃.၀၈၉၂)တန်၊ ပိတောက်ခွဲသား(၂)ချောင်း၊ (၁.၁၀၃၄)တန်၊ လုံးပတ် ၃ ပေအောက်ရှိ တမလန်းသစ် (၁၂)လုံး၊ (၀.၅၃၂)တန်၊ စုစုပေါင်း (၂၄.၇၂၄၆)တန်အား ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီး ရမိခဲ့ပြီး တရားမဝင် သစ်များအား (၆၂)လမ်း သစ်တောရုံးဝင်းအတွင်းသို့ သယ်ယူသိမ်းဆည်း ထားရှိကြောင်း သတင်းရရှိပါသည်။