ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား ဂျာမဏီနိုင်ငံ PRISMA Group မှ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း (နေပြည်တော်၊ ၉-၂-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ဂျာမဏီနိုင်ငံ အခြေစိုက် PRISMA Group မှ Ms. Maria Torres နှင့် Mr. Nicolas Yllera တို့သည် ယနေ့ ၉-၂-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁:၃၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီး ဧည့်ခန်းမ၌ လာရောက်၍ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် Special Country Report တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်း လုပ်ငန်းများ ကို ထည့်သွင်းဖော်ပြနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင် နှင့် ဒေါက်တာသက်သက်ဇင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေခြင်းများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျမှုနှင့် နောင် ၁၀ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာများ၊ ထာဝစဉ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီ အကောင်အထည်ဖော်သည့် အစီအစဉ် များ၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောကဏ္ဍမှ ဆောင်ရွက်နေမှုများ၊ သဘာဝသယံဇာတများ ထိန်းသိမ်းရေးနှင့် စနစ် တကျ ထုတ်ယူအသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေနှင့် Extractive Industry Transparency Initiative (EITI) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ သစ်တောထိန်းသိမ်းရေးနှင့် သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံနိုင်သည့် အခွင့်အလမ်းနှင့် အလားအလာကောင်းများပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။