ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း
ပြောင်းလဲနေသော ခေတ်ကာလနှင့်အညီ ထာဝစဉ်ရေရှည်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှုကို ရည်ရွယ်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို ၁၉၉၅ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ကျေးရွာ(၇၈၈) ရွာတွင် အဖွဲ့ဝင်(၃၁၂၈၅)ဦး ပါဝင်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (၁၉၀၈၁၈.၉၈) ဧက တည်ထောင်ပြီး ကြောင်းသိရှိရပါသည်။
နိုင်ငံတော်သမ္မတရုံး၏၂၀၁၃ခုနှစ်၊ဇန်နဝါရီလ(၁၁)ရက် ရက်စွဲပါစာအမှတ်၊၁၃(၁)/၇သမ္မတရုံး အရ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း ကာလကြာ အခြေချနေထိုင်သည့် ကျေးရွာများ ပြန်လည်ဖွဲ့စည်းနေရာချထားပေးရန်အတွက် စီမံချက်ရေးဆွဲပြီး မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
(၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောရှိယာမြေများအား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧက (၂၂၉၁၂.၉၄)ဧက တည်ထောင်ပြီးဖြစ်ကြောင်း သိရှိရပါ သည်။
သစ်တောဦးစီးဌာနတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖွဲ့(CF Unit) များ ဖွဲ့စည်းလျက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယခင်ဆောင်ရွက်ခဲ့သော ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၊ လက်ရှိလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းများအတွက် အားနည်းချက်နှင့် လိုအပ် ချက်များဖော်ဆောင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့ နှင့်(၈)ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသီးသီးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ မကွေးတိုင်း ဒေသကြီးတွင် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆောင်လျက် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဘရုံကြိုးဝိုင်းရှိ ဒေသခံပြည်သူများအား ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ လူမှုစီးပွား ရေးတိုးတက်မှုကို ဆောငရွက်ပေးနိုင်ရန် ဆွေးနွေးပွဲများကို (၇.၂.၂၀၁၅) မှ (၈.၂.၂၀၁၅)နေ့အထိ ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။
ဘရုံကြိုးဝိုင်းမှာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ဆည်အတွင်းသို့ စီးဝင်လျက်ရှိ သည့် ဘရုံချောင်းနှင့် ယင်းအတွင်းစီးဝင်သည့် ချောင်းလက်တက်များ၏ ရေဝေရေလဲဧရိယာများ အား ထည့်သွင်းဖွဲ့စည်းထားသည့် ကြိုးဝိုင်းတောဖြစ်ပါသည်။ ရန်ပယ်ဆည်၏ ရေဝေရေလဲဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်ရည်ရွယ်၍ ကြိုးဝိုင်းအဖြစ်ဖွဲ့စည်းရာတွင် ကြိုးဝိုင်းဧရိယာ (၃၅၀၀၀)ဧက အတွင်း၌ နှစ်ကာလကြာတည်ရှိနေခဲ့သည့် ကျေးရွာ(၁၀)ရွာ၏ ယာမြေ၊ လယ်မြေ၊ အများပိုင်/သာသနာပိုင်မြေ(၄၉၉၁.၄၅)ဧကအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ၁၅-၁၀-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂၀၃/၂၀၁၃)ဖြင့် ပယ်ဖျက်ပေးခဲ့ ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဒေသခံပြည်သူများအတွက် ရေအရင်းအမြစ်များ စဉ်ဆက်မပြတ် တည်တံ့နေစေရန်၊ အသုံးပြုရန်လိုအပ်သည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ဖြည့်ဆည်း နိုင်စေရန်၊ ပြည်သူများကိုယ်တိုင် စီမံခန့်ခွဲသော လူမှုသစ်တောအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင် ရန်နှင့် ဝင်ငွေရ နှစ်ရှည်ပင်များဖြစ်သည့် လျော်ဖြူ၊ သနပ်ခါး၊ ဇီး၊ စန္ဒကူး စသည်တို့ကို စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်းဆွေးနွေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ပေလည်ရွာ နှင့် (၄)ရက်နေ့တွင် ကုန်းသာရွာ နှင့် စမ်းအိုင်ရွာသို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင် သည့်အဖွဲ့နှင့် ဦးစီးရုံးချုပ်တို့မှ ပူးပေါင်းပါဝင်သည့် အဖွဲ့တို့သည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဇိမ့်ကုန်း၊ ငှက်ပျောကျင်း၊ ဓနှန်းမြောင်ကျေးရွာ များသို့လည်းကောင်း၊ (၈)ရက်နေ့တွင် မွန်းစ၊ ကုန်းဘို၊ ကုန်းသာရွာများသို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင် သောအဖွဲ့တို့မှ(၉)ရက်နေ့တွင် ပေလယ်၊ ကန်ချောင်းရွာ တို့သို့လည်းကောင်း ကွင်းဆင်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။
ဒေသခံပြည်သူများက ယာမြေများကို လုပ်ကိုင်နိုင်ခွင့်၊ တရားဝင်လက်ဝယ် ထားရှိနိုင်ခွင့်၊ အကျိုးအမြတ်အပေါ် တရား၀င်ခံစားပိုင်ခွင့်၊ ကျောင်းကန်နှင့်လမ်းလိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုး ပေးရေးနှင့် ချေးငွေရယူဆောင်ရွက်နိုင်ရေး ဆွေးနွေးကြကြောင်း သိရှိရပါသည်။
ကွင်းဆင်းအဖွဲ့များမှ ဆွေးနွေးရာတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း နှင့်ပတ်သက်၍ အသုံးပြုသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသုံးပြုသူများအဖွဲ့ ဖွဲ့စည်းပြီးပါက လုပ်ငန်းစီမံချက်တွင် ပါရှိသည့်အတိုင်း စိုက်ပျိုးလိုသည့်သစ်မျိုးများအား ပထမ နှစ်တွင် အခမဲ့ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ နှစ်(၃၀)ခွင့်ပြုမည်ဖြစ်ကြောင်း၊ သက်တမ်းတိုးခွင့် နှင့် အမွေစားအမွေခံလွှဲပြောင်းခွင့် ခွင့်ပြုမှာဖြစ်ကြောင်း၊ လိုအပ်သော ချေးငွေနှင့် နည်းပညာများ ရရှိရေး စီစဉ်ဆောင်ရွက်ပေးမည့် အပြင်ထုတ်ကုန်များအတွက် ဈေးကွက်ဖော်ဆောင်ရေး စီမံဆောင် ရွက်ပေးရေးအတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။