ပုပ္ပါးတောင်ဥယျာဉ်ရှိ ဇီဝမျိုးစုံမျိုးကွဲများလေ့လာခြင်းနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့ရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးမဟာဗျူဟာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း

ပုပ္ပါးတောင်ဥယျာဉ်ရှိ ဇီဝမျိုးစုံမျိုးကွဲများလေ့လာခြင်းနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံတို့ရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးမဟာဗျူဟာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Grand Amara Hotel ၌ ယနေ့ (၁၁.၂.၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဌာနအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ရေး ရာဝန်ကြီးဌာန အမျိုးသားဇီဝအရင်းအမြစ်များ သိပ္ပံဌာန(NIBR) ဥက္ကဋ္ဌ Dr. Kim Sang Bae ၊ ဗီယက်နမ်နိုင်ငံ ဒါလက်တက္ကသိုလ် ဒုတိယဥက္ကဋ္ဌ Dr. Nguyen Van Ket ၊ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ Dr. Lee Woo Shin နှင့် သုတေသီ ပါမောက္ခများ၊ ကမ္ဘောဒီးယား၊ လာအို နှင့်ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၂ ခုနှစ်စ၍ အမျိုးသားဇီဝ အရင်းအမြစ်များသိပ္ပံဌာန (National Institute on Biological Resources-NIBR) နှင့် ပူးပေါင်းပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဇီဝအရင်းအမြစ်များ ရေရှည်အသုံးချနိုင်ရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲများကိုကျင်းပခဲ့သည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ရေရှည်မတည် မြဲနိုင်တဲ့ မြေအသုံးချမှုများ၊ စနစ်တကျစီမံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုမရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ်စေပြီး ဂေဟစနစ်ဝန်ဆောင်မှုများကို ယိုယွင်း ပျက်စီးစေကာ ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှု၊ စိုက်ပျိုးသီးနှံထွက်နှုန်း ကျဆင်းမှု၊ စွမ်းအင် မလုံလောက်မှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း (United Nation Convention on Biological Diversity - UNCBD) က ရေးသားပြုစုသည့် Global Biodiversity Outlook 4 - GBO4 အရ ကမ္ဘာ့နိုင်ငံအချို့တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များအပေါ် ထိရောက်စွာ ထိန်းသိမ်းစီမံ အုပ်ချုပ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်ဆိုးကျိုးတွေကို လျှော့ချနိုင်ခြင်း၊ ရေအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အစားအစာနဲ့ စွမ်းအင်လုံလောက်စွာဖြည့်ဆည်းပေးနိုင်ခြင်း၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချနိုင်ခြင်းနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုခြင်း စသည့် နမူနာ ကောင်းများအဖြစ် ကျေနပ်ဖွယ်မြင်တွေ့နေရသလို ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးနေမှုကို လျှော့ချရပ်တန့်နိုင်ရန် ထပ်တိုးဆောင်ရွက်ရမည့် လုပ်ငန်းများရှိနေပါကြောင်း၊
၂၀၁၁ ခုနှစ်မှစ၍ သစ်တောဦးစီးဌာနနှင့် ကိုရီယားသမ္မတနိုင်ငံ၊ NIBR တို့လက်တွဲပြီး၊ မြန်မာနိုင်ငံ၏ ဇီဝအရင်းအမြစ် သတင်းအချက်အလက်များ လေ့လာစုဆောင်းခြင်းကို ပုပ္ပါးတောင် ဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်နှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်များမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ NIBR နှင့် ပူးပေါင်း၍ "ပုပ္ပါးတောင်ဥယျာဉ်ရှိ ဇီဝမျိုးစုံ မျိုးကွဲများစာအုပ်"ထုတ်ဝေခဲ့ပြီး ပုပ္ပါးတောင်ဒေသရဲ့ အဓိကတောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ် လေ့လာရန်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သတင်းအချက်အလက်များကို စာအုပ်မှပံ့ပိုးပေးနိုင်မှာဖြစ် ပါကြောင်း၊
ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့ရှိ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ အခြေအနေနှင့် ထိန်းသိမ်းရေးမဟာဗျူဟာဆိုင်ရာ နှီးနှောဖလှယ်ကြမည် ဖြစ်သဖြင့် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ အသုံးချ ခြင်းဆိုင်ရာ နည်းလမ်းကောင်းများနှင့် အတွေ့အကြုံဗဟုသုတများကို လေ့လာဖလှယ်ခွင့်ရမှာ ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် ဇီဝအရင်းအမြစ်များ ထိန်းသိမ်းရေးလုပ်ငန်းများမှာ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူပေါင်းဆောင်ရွက်မှုကို တိုးမြင့်ခိုင်မာလာစေမှာဖြစ်ပါကြောင်း၊
ဆက်လက်၍ အမျိုးသားဇီဝအရင်းအမြစ်များသိပ္ပံဌာန(NIBR) ဥက္ကဋ္ဌ Dr.Kim Sang Bae မှဝမ်းမြောက်စကားပြောကြားပြီး ပုပ္ပါးဇီဝမျိုးစုံမျိုးကွဲများ စာအုပ်မိတ်ဆက်ခြင်းနှင့်မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူး၍ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၀၀)နာရီတွင် ခေတ္တရပ်နားခဲ့ပြီး ညနေ ( ၆:၀၀ )နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။