အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) အပေါ်ဒုတိယအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲ (2nd Expert Round Table Meeting) ကျင်းပမည်။

အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) အပေါ် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အကြံပြုချက်များအား စုစည်းဆွေးနွေးရန်၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ ရယူရန်၊ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့် အများပါဝင်ရေးဆွဲသည့် မူဝါဒ တစ်ရပ်ဖြစ်စေရန်ရည်ရွယ်၍ ကျွမ်းကျင်သူစားပွဲဝိုင်း ဆွေးနွေးပွဲများ ကျင်းပပြုလုပ် လျက်ရှိပါသည်။ ပထမအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်း ဆွေးနွေးပွဲကို ၃၁-၁-၂၀၁၅ ရက်နေ့မှ ၁-၂-၂၀၁၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ မြေအသုံးချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့များ၊ အငြိမ်းစားအရာထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ကိုယ်စားလှယ်များ စုစုပေါင်း (၆၆)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ (၁၇) မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) အား ရှင်းလင်းဆွေးနွေးပွဲများမှ ရရှိသည့် ပြည်သူလူထု၏ ဆန္ဒသဘောထား၊ ဝေဖန်သုံးသပ်ချက်နှင့် အကြံပြုချက်များအား သရုပ်ခွဲသုံးသပ်စုစည်း၍ ဆွေးနွေးတင်ပြခြင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ကျစ်လျစ်ခိုင်မာစေရေး ပြင်ဆင်ရေးသားပြုစုရန်အတွက် လိုအပ်မည့်အချက်အလက်များဖော်ထုတ်ခြင်း၊ ဒုတိယအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ရန်အတွက် ပတ်သက်ဆက်စပ်သူအားလုံးပါဝင်တက်ရောက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ဒုတိယအကြိမ် ကျွမ်းကျင်သူစားပွဲဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်တွင် နေ့စဉ် နံနက် (၀၉:၀၀) နာရီမှ ညနေ (၀၅:၀၀) နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စား သူများအနေဖြင့် ဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးလိုပါက ဦးတင်မောင်သန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း -၀၆၇-၄၀၅၄၂၈၊ ၀၉-၂၆၀၁၁၄၁၅၅၊ Fax : ၀၆၇-၄၀၅၄၂၈ နှင့် ၀၆၇-၄၀၅၄၂၇၊ e-mail : [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်းနှင့် မတက်ရောက်နိုင်ပါက လည်း အင်တာနက်စာမျက်နှာ http://www.fdmoecaf.gov.mm/law တွင် ဖတ်ရူလေ့လာပြီး အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) အပေါ် အကြံပြုချက်၊ ဝေဖန်သုံးသပ်ချက်များ ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။