အင်းတော်ကြီးကန်ဒေသ ဇီဝအဝန်းနယ်မြေ အဆိုပြုသတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်းသတင်း (၁၀.၇.၂၀၁၅ ၊ နေပြည်တော်)

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အဖွဲ့၏ လုပ်ငန်းအစီအစဉ်များ ဖြစ်သော သဘာဝအမွေအနှစ်များထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်း များတွင် တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိပါသည်။ နိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဒေသခံများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ဆောင်ရွက်လျက်ရှိရာ အင်းလေးကန်ဒေသအား လူသား နှင့်ဇီဝအဝန်းနယ်မြေ(MAB)အဖြစ် သတ်မှတ် အတည်ပြုနိုင်ခဲ့ကာ အလားတူကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမိုထိရောက် စေရန်အတွက် အခြားသောသဘာဝထိန်းသိမ်းရေးနယ် မြေများကိုပါ လူသားနှင့်ဇီဝအဝန်း နယ်မြေ(MAB)အဖြစ် ထပ်မံအဆိုပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် (၁၀.၇.၂၀၁၅)ရက်နေ့၊ နံနက်(၉:၀၀) နာရီတွင် Grand Amara Hotel ၌ ကျင်းပသော အင်းတော်ကြီးကန်ဒေသ ဇီဝအဝန်းနယ်မြေ အဆိုပြုသတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ အမြဲတမ်း အတွင်းဝန်၊ ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဂျာမနီနိုင်ငံ လူသားနှင့်ဇီဝအဝန်း အစီအစဉ်မှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဇီဝမျိုးစုံမျိုးကွဲများသည် လူ့အဖွဲ့အ စည်းတစ်ခုလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် ဂေဟစနစ် ဝန်ဆောင် မှုအမြောက်အမြားကို ထောက်ပံ့ပေးလျက် ဒေသခံပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံး ပျောက်ကွယ်မှုနှင့် ဂေဟစနစ်အတန်းအစားကျဆင်းမှုများလျော့နည်းလာစေရန်အတွက် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို ကမ္ဘာနှင့်အဝှမ်း တည်ထောင်လာကြပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့်လည်း မြန်မာ့သစ်တောမူဝါဒတွင် စုစုပေါင်း နိုင်ငံဧရိယာ၏ ၅%ကို သဘာဝနယ်မြေများအ ဖြစ်တည်ထောင်ရန်နှင့် ရေရှည်တွင် ၁၀%အထိ တိုးမြှင့်တည်ထောင်ရန် နှစ်(၃၀)သစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ယခုလက်ရှိတွင် သဘာဝနယ်မြေ(၃၉)ခု စုစုပေါင်း နိုင်ငံဧရိယာ၏ ၅.၇၅% ဖွဲ့စည်းထားနိုင်ခဲ့ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာ နေရာ(၇)ခု နိုင်ငံဧရိယာ၏ ၁.၀၉% ကိုအဆိုပြု သဘာဝနယ်မြေ သတ်မှတ်ဖွဲ့စည်းရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ သဘာဝနယ်မြေများရှိ သယံဇာတများကာကွယ်ရန် စီမံအုပ်ချုပ်မှုများတွင် ၎င်းဒေသ အတွင်းနေထိုင်ကြသည့် ဒေသခံများအတွက် ဖွံ့ဖြိုးတိုးတက်မှုများကိုပါ ဟန်ချက်ညီ ဆောင်ရွက် သွားနိုင်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှုနှင့် နိုင်ငံတော်အစိုးရသစ် လက်ထက်တွင်လည်း လူထုအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် လျက်ရှိသလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါလုပ်ငန်းစဉ် များတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လက်တွဲ၍ ပူးပေါင်းဆောင် ရွက်လျက်ရှိနေပါကြောင်း၊ အင်းလေးကန်ဒေသအား ၂၀၁၅ခုနှစ်၊ ဇွန်လ(၉)ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့၊ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း UNESCO ရုံးဌာနချုပ်တွင် ပြုလုပ်သည့် အစည်းအဝေးမှ လူသားနှင့်ဇီဝအဝန်းနယ်မြေ( Man and Biosphere Reserve )တစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့သတ်မှတ်နိုင်ခြင်းဖြင့် အင်းလေးကန်အတွင်းသာမက အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လူမှုစီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကိုပါ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့်အတူ ယှဉ်တွဲဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အကြီးဆုံးကန်တစ်ခုဖြစ်သော အင်းတော်ကြီးကန်ကို သဘာဝနယ်မြေတစ်ခု အဖြစ် ၂၀၀၄ ခုနှစ်မှ စတင်ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး အာဆီယံအမွေအနှစ်ဥယျာဉ်ဖြစ်ကာ သဘာဝ ပတ်ဝန်းကျင် အခြေအနေကောင်းများတည်ရှိလျက် ပျက်စီးယိုယွင်းမှုနည်းပါးလျက် ရှိနေပါ ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ရှားပါးတိရစ္ဆာန်စာရင်းဝင် မျောက်လွှဲကျော် မျိုးစိတ်များနှင့် အင်းတော်ကြီးကန်အတွင်း သာနေထိုင်ကျက်စားသည့်ဒေသ မျိုးရင်းငါးမျိုးစိတ်များလည်း တည် ရှိနေပါကြောင်း၊ အင်းတော်ကြီးကန်သည် ကမ္ဘာ့မြောက်ဘက်ခြမ်းမှ ဆောင်းခိုငှက်များ ကျရောက် ကျက်စားလေ့ရှိပြီး သြစတြေးလျအာရှဒေသဆိုင်ရာ ငှက်ပျံသန်းလမ်းကြောင်းတွင် ကျရောက် သည့်အရေးကြီး ငှက်ထိန်းသိမ်းရေးနယ်မြေဖြစ်ပါကြောင်း၊ ထို့အပြင် ရေတိမ်ဒေသများ ထိန်းသိမ်း ရေး ကွန်ဗင်းရှင်းမှ ငှက်မျိုးစိတ်အမြောက်အမြား ရှင်သန်ပေါက်ဖွားရာဒေသ(Ramser Site) တစ်ခုအဖြစ် အမည်စာရင်း အဆိုပြုတင်သွင်းထားသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ကန်အနီး အနားရှိ ကျေးရွာ(၁၃)ရွာတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများကို စားနပ်ရိက္ခာနှင့် လူမှုစီးပွား ရေး အတွက် သယံဇာတအရင်းအမြစ်များ ထောက်ပံ့ပေးနေသည့် နေရာတစ်ခု ဖြစ်ပါ ကြောင်း၊ သဘာဝကုန်တွင်းရေအိုင်ကြီးများဖြစ်ကြသည့် အင်းလေးကန်နှင့် အင်းတော်ကြီး ကန်တို့၏ ရေချိုအရင်းအမြစ်များကို ဒေသခံများအတွက်စဉ်ဆက်မပြတ် ပံ့ပိုးပေးခဲ့ပြီး ယခုအခါ လူသား တို့၏ လုပ်ရပ်များနှင့် သဘာဝဖြစ်စဉ်များကြောင့် ပတ်ဝန်းကျင်အနေအထား ယိုယွင်းပျက်စီး လာမှုနှင့် အတူ သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူတူးဖော်ခြင်းများကြောင့်လည်း ဇီဝမျိုးစုံ မျိုးကွဲများတည်ရှိမှုအခြေအနေ ပျက်စီးယိုယွင်းလာနေပါကြောင်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန်အတွက် အင်းတော်ကြီးကန်ရေဝေရေလဲဒေသများတွင် နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO ၊ INGO များနှင့်ပူး ပေါင်း၍ ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူမှုစီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဂေဟစနစ်အား အခြေခံသည့်စီမံအုပ်ချုပ်ခြင်းနှင့် သဘာဝသယံဇာတကာကွယ်ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင် ဒေသခံပြည်သူများ ကိုယ်စီကိုယ်ငှပူးပေါင်းပါဝင်စေခြင်းနှင့် ပတ်ဝန်းကျင် ဆိုင်ရာအသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း စသည့်နည်းလမ်းများကို အသုံးပြု၍ ဖြေရှင်းသွားကြရမည်ဖြစ်ကြောင်း၊ လူသားနှင့် ဇီဝအဝန်းနယ်မြေများကဲ့သို့ ဒေသခံများပူးပေါင်း ပါဝင်နိုင်မည့် အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် အင်းတော်ကြီးကန်၏ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကို ပြန်လည်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ဇီဝအဝန်းနယ်မြေအသစ်တစ်ခု ထပ်မံဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားပြီး ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိခိုက်မှုမရှိစေဘဲ ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း မိမိတို့၏ အတွေ့အကြုံ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆွေးနွေးဖြည့်ဆည်းသွားကြပါဟု ပြောကြားသွားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) အဖွဲ့တို့မှ ပူးပေါင်းစီစဉ်ခဲ့ကြ ပြီး (၁၀-၇-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ ညနေ(၅:၀၀)နာရီအထိ Grand Amara Hotel (နေပြည်တော်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။