ဒေါ်ခင်သန်းနု (မင်းတုန်းမဲဆန္ဒနယ်)၏ သစ်တောနယ်မြေအတွင်း တာဝါတိုင်စိုက်ထူခြင်းနှင့်ပတ်သည့်မေးခွန်း

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများတစ်ဦးနှင့်တစ်ဦး အလျင်အမြန် ချိတ်ဆက်မိရန်နှင့်ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် တာဝါတိုင်များကို နေရာအနှံ့စိုက်ထူခဲ့ကြပါကြောင်း၊ ယခုလိုစိုက်ထူသည့်အခါ လူနေအိမ်၊ ခြံများ၊ ပိုင်ရှင်ရှိသည့် ယာမြေများနှင့် သစ်တောပိုင်နယ်မြေများတွင် စိုက်ထူလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကပိုင်မြေများပေါ်တွင် စိုက်ထူပါက မြေပိုင်ရှင်နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုကြပြီး မြေငှားရမ်းခကို ပိုင်ရှင်များထံပေးဆောင်ကြ၍ စာချုပ်သက်တမ်းကို ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်ချုပ်ဆိုကြသည်ဟု သိရှိရပါကြောင်း၊ လူနေအိမ်များအတွင်း စိုက်ထူခြင်းသည် အိမ်နီးချင်းများ၏ သဘောတူညီမှုကို ရယူပြီး စိုက်ထူကြသည်ဟု ဆိုပါကြောင်း၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူနေထူထပ်သော ရပ်ကွက်၊ ကျေးရွာများအတွင်း စိုက်ထူခြင်း မပြုလုပ်သင်‌့ပါကြောင်း၊ တာဝါတိုင်စိုက်ထူသည့် ခံစားခွင်‌့ရသူအတွက် အဆင်ပြေနိုင်သော်လည်း ပတ်ဝန်းကျင်အတွက် ရေရှည်တွင် ကျန်းမာရေးအရ၊ လူမှုရေးအရပါ ပြဿနာရှိပါကြောင်း၊ ထို့နောက် သစ်တောနယ်မြေအတွင်း စိုက်ထူရာတွင်လည်း ဌာနနှင်‌့ပြည်သူတို့ အငြင်းပွားနေဆဲနေရာတွင် တာဝါတိုင်စိုက်ခြင်းများလည်း ရှိပါကြောင်း၊ မဲဆန္ဒနယ်မြေအတွင်းရှိ ပန်းညိုကာကွယ်တောထဲတွင် Telenor တာဝါတိုင် စိုက်ထူထား ပါကြောင်း၊ ခုနက မိမိတင်ပြသကဲ့သို့ ဌာနနှင့်ပြည်သူအငြင်းပွားနေသည့် နေရာတွင် တာဝါတိုင် စိုက်ထူခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ စိုက်ထားသည့် တာဝါတိုင်၏ စာချုပ်သက်တမ်းကိုကြည့်သည့်အခါ ငါးနှစ်သက်တမ်းသာ ချုပ်ဆိုထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် စာချုပ်သက်တမ်းကုန်ဆုံး သွားပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို သိချင်ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံအတွင်း သစ်တောဖုံးလွှမ်းမြေ ၂၅.၁၆ ရာခိုင်နှုန်းရှိပြီး ဧရိယာအားဖြင့် သိန်းပေါင်း ၄၂၀ ကျော် ဧကရှိသည်ဟုလည်း ကြားသိရပါကြောင်း၊ ၎င်းဧကအတွင်း စိုက်ထူထားသော တာဝါတိုင်ပေါင်း ၂၄၁ တိုင်ရှိပြီး တာဝါတိုင်များတွင် မှန်ကန်သည့် စာချုပ်များရှိ/မရှိနှင့် ယခုလို သစ်တောနယ်မြေအတွင်း တာဝါတိုင်စိုက်ထူခြင်းများသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဒေါ်ခင်သန်းနု (မင်းတုန်းမဲဆန္ဒနယ်)

သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ (ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တော) များမှ သစ်တောနယ်မြေများအတွင်း ပုဂ္ဂလိကသစ်တော စိုက်ခင်းများတည်ထောင်ခြင်း၊ ရွှေနှင့်ဓာတ်သတ္တုအမျိုးမျိုး တူးဖော်ခြင်း၊ လမ်းခင်းကျောက် တူးဖော်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရန်မြေငှားရမ်းခြင်းနှင့် အခြားမြေအသုံး ချမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးသည် ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ဖြင့် ၁၉၉၅ ခုနှစ်၊ သစ်တောနည်းဥပဒေ ၂၀ နည်းဥပဒေခွဲ (က) တို့အရ ပုဂ္ဂလိက/ ကုမ္ပဏီ/လုပ်ငန်းပိုင်ရှင်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးတို့ကို ချင့်ချိန်ပြီး မြေနှစ်စဉ်ငှားရမ်းခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းတို့ကို စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသစ်တောနယ်မြေများအတွင်း စိုက်ထူထားသော ဆက်သွယ်ရေးတာဝါတိုင်များ၏ မြေငှားရမ်းခြင်းများနှင်‌့ ပတ်သက်ပြီး သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတစ်ရပ်ဖြစ်သည့် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝါတိုင်များ တည်ဆောက်ရန် သစ်တောမြေကို နှစ်ရှည်မြေငှားရမ်းခြင်းစနစ်ဖြင့် ခွင့်ပြုထားခြင်းရှိပါကြောင်း၊ ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ရရှိထားသည့် MPT, Telenor, Ooredoo Operator များသည် ကိုယ်တိုင် သို့မဟုတ် မိမိတို့၏တစ်ဆင်‌့ခံ တာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီ (Vendor) များမှ ရေဒီယိုစခန်းနှင့် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည့် နေရာတည်နေရာ၊ အကျယ်အဝန်း၊ ဧရိယာ (ဧက) အလိုက် ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင်‌့ သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ လိပ်မူပြီး လျှောက်ထားရပါကြောင်း၊ ယခုလိုလျှောက်ထားရာကို နေပြည်တော်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် တင်ပြထားသည့် ရေဒီယိုစခန်းနှင့် ဆက်သွယ်ရေးတာဝါတိုင် မြေနေရာကို သစ်တောမြေအတွင်း ကျရောက်ခြင်းရှိ/မရှိ၊ ခွင့်ပြုခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး သစ်တောဦးစီးဌာနသို့ ကွင်းဆင်းပြီး စစ်ဆေးခိုင်းပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ တင်ပြလျှောက်ထားသည့် မြေသည်သစ်တောမြေအတွင်း ကျရောက်သည့် အဖိုးတန်အပင်ကြီးများနှင့် ကင်းလွတ်ခြင်း ၎င်းအပြင် အခြားမြေအသုံးချမှုနှင့် ကင်းလွတ်ခြင်းစသည်တို့ကို တာဝါတိုင်တည်ဆောက် ခွင်‌့ပြုကြောင်းကို ပြည်ထောင်စုဝန်ကြီးရုံးထံ ပြန်ပြီးတင်ပြရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်အရ တာဝါတိုင်တည်ဆောက် ခွင်‌့ပြုမိန့်ရလျှင် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ နေရာဒေသအလိုက်၊ ဧရိယာအကျယ်အဝန်းအလိုက် သတ်မှတ်ထားသည့် မြေငှားရမ်းခ၊ လုပ်ငန်းအာမခံ (၁ နှစ်စာမြေငှားရမ်းခ၊ မြေအသုံးချမှုပရီမီယံ (တာဝါ တိုင် ၁ စင်လကို ၉၀၀၀၀ ကျပ်နှုန်း) နှင်‌့ လုပ်ငန်းကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးသွင်းစေပြီး တာဝါတိုင်ကို ကြိုတင် ဆောက်ခွင့်ပြုပါကြောင်း၊ ဌာန/အဖွဲ့အစည်း/ကုမ္ပဏီများက တာဝါတိုင်အမျိုးအစားအလိုက် မြေနေရာ အကျယ်အဝန်းကို နှုန်းများဖြင့် တွက်ချက်မှုရှိပါကြောင်း၊ ၆၀ ပေ x ၆၀ ပေအတွက်ဆိုလျှင် တစ်လကို ၂၀၀၀၀၀ နှုန်း၊ မြေနေရာအကျယ်အဝန်း ၁၁၀ ပေ x ၁၁၀ ပေ အတွက်လျှင် ၄၀၀၀၀၀ နှုန်း၊ မြေနေရာအကျယ်အဝန်း ၂၁၆ ပေ x ၂၁၆ အတွက်ဆိုလျှင် တစ်လအတွက် ငှားရမ်းခနှုန်းထားက ၈၀၀၀၀၀ ကျပ် ဖြစ်ပါကြောင်း၊ ၎င်းနှုန်းများနှင့် ခရိုင်သစ်တောဦးစီးဌာန၏ ငွေစာရင်းအမှတ်များကို ပေးသွင်းစေရပါကြောင်း၊ သတ်မှတ်ထားသည့် မြေငှားရမ်းခနှင့်အာမခံငွေများ ပေးသွင်းပြီးလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင်‌့ပြုထားသည့် နှစ်ကာလအတိုင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုချက်ရယူထားသည့် စာချုပ်အရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော်တွင် မြေငှားရမ်းစာချုပ်ကို ချုပ်ဆိုရပါကြောင်း၊ မြေငှားရမ်းစာချုပ်ချုပ်ဆိုပြီးနောက် နေပြည်တော်ပြည်တွင်း အခွန်များ ဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန် ပေးဆောင်စေရမည် ဖြစ်ပါကြောင်း၊လျှောက်ထားသည့် တာဝါတိုင်မြေနေရာများနေရာသည် အခြားမြေအသုံးချမှုများ ရှိနေပါက တစ်နည်း အားဖြင့် (ပုဂ္ဂလိကစိုက်ခင်းများ) အပင်များ လွတ်ကင်းပါက လုပ်ငန်းရှင်ကို အသိပေးပြီး ဌာနစိုက်ခင်းအတွက် ကျရောက်လျှင် အပင်များလွတ်ကင်းလျှင် ခွင့်ပြုလျက်ရှိပါကြောင်း၊ အဖိုးတန် ကျွန်းသစ်မျိုးများ ပါမည်ဆိုပါက လုံးပတ် ၁ ပေနှင့် အထက်ကို ၁၅၀၀၀၊ အခြားသစ်မာအမျိုးအစားများ ပါမည်ဆိုပါကလည်း လုံးပတ် ၁ ပေအထက် ၁ ပင်ကို ၇၅၀၀ ကျပ်နှုန်း လျော်ရပါကြောင်း၊ သို့သော် တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် သစ်တောနယ်မြေများ ဖွဲ့စည်းခဲ့စဉ်အခါက ဆိုင်ရာဆိုင်ခွင့် ပေးထားသည့် မြေဧရိယာအတွင်း တာဝါတိုင်များတည်ဆောက်မည်ဆိုလျှင် ဆိုင်ရာဆိုင်ခွင့်လုပ်ကိုင်ခွင့် ရရှိသူများနှင့် ညှိနှိုင်းဖြေရှင်းရပါကြောင်း၊ နောင်အခါ ၂၀၁၃ ခုနှစ် ကြိုးဝိုင်းကျူးကျော်စာရင်း ကောက်ယူ ရရှိထားသော ကျေးရွာမြေများ စာရင်းထဲတွင်ပါဝင်ခဲ့သည့် ဥယျာဉ်ခြံမြေများ၊ နှစ်ရှည်စိုက်ခင်းမြေများနှင့် ယာမြေများအတွင်း တာဝါတိုင်များ တည်ဆောက်မည်ဆိုလျှင် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများနှင်‌့ ညှိနှိုင်းဖြေရှင်းရသည့် အခက်အခဲများနှင်‌့လည်း ကြုံရပါကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ခြင်း လုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း ဖြစ်သည့်အတွက် သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သစ်တောနယ်မြေ၏ ဌာနပိုင်နယ်မြေများတွင် အတတ်နိုင်ဆုံးခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး၏ တည်ဆောက်ခွင်‌့ပြုမိန့် ရရှိပြီးသော တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ကုမ္ပဏီ ၁၀ ခုအတွက် တာဝါတိုင် ပေါင်း ၂၄၁ တိုင်အနက် နေပြည်တော်သစ်တော ဦးစီးရုံးချုပ်တွင်ပြီးခဲ့သည့် ၃၁-၇-၂၀၁၈ ရက်နေ့အထိ ကုမ္ပဏီများနှင့် နှစ်ရှည်မြေငှားစာချုပ် ချုပ်သည်မှာ တာဝါတိုင်ပေါင်း ၂၄၀ တိုင် ရှိပါကြောင်း၊ တစ်တိုင်က စာချုပ်ချုပ်ရန်အတွက် လုပ်ကိုင်နေဆဲ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆောက်ခွင့်ပြုမိန့် ရရှိပြီးဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ တာဝါတိုင် ၂၄၁ တိုင်အနက် ကုမ္ပဏီများနှင်‌့ နှစ်ရှည်မြေငှားစာချုပ်ချုပ်ဆိုပြီး တာဝါတိုင် ၂၄၀ တိုင်ကို သတ်မှတ်ထားသည့် မြေငှားရမ်းခ၊ လုပ်ငန်းအာမခံနှင်‌့လုပ်ငန်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းတို့အား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သက်ဆိုင်ရာ ခရိုင်သစ်တောဦးစီးဌာန၊ ငွေစာရင်းအမှတ် (ပြည်ထောင်စုရန်ပုံငွေစာရင်း) တွင် ပေးသွင်းစေခြင်းအားဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင်‌့ ၂၀၁၅ ခုနှစ်က ယခုအချိန်အထိ တာဝါတိုင် ၂၄၀ တိုင်အတွက်ကို သစ်တောမြေငှားရမ်းခ စုစုပေါင်း ၁၃၄၅၂ သိန်းအား နိုင်ငံတော်သို့ ပေးသွင်းခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

ဒေါ်ခင်သန်းနု (မင်းတုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မင်းတုန်းမြို့နယ်တွင် စိုက်ထူထားသော တာဝါတိုင်၏ စာချုပ်ကိုကြည့်သည့်အခါ ငါးနှစ်ချုပ်ဆို ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ကြီးပြောသွားသည့်အထဲတွင် နှစ်ရှည်တာဝါတိုင်များသည် နှစ်ရှည်ချုပ်ဆို ထားသည်ဟု ပြောသွားသည့်အတွက် မင်းတုန်းမြို့၏ တာဝါတိုင်က ငါးနှစ်ချုပ်ဆိုထားသည့် အတွက် ၎င်းသက်တမ်းငါးနှစ် ကုန်သွားသည့်အခါ မည်ကဲ့သို့များ ဆက်လက်ဆောင်ရွက်မည် ဆိုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကိုယ်စားလှယ်ကြီး မေးမြန်းသည့် တာဝါတိုင်အတွက်ကို မိမိမှ သီးခြားအဖြစ် ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မေးမြန်းမှသိရှိမည် ဖြစ်ပါကြောင်း၊ မိမိတွင် Data များ တစ်ခုချင်း မရှိသည့်အတွက် ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြန်လည်ဖြေကြားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး