သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု တင်ပြချက်

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း
စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု တင်ပြချက်

နောက်ခံသမိုင်း
၁။ တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုန် သစ်တောဂေဟစနစ် များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် တနင်္သာရီသဘာဝကြိုးဝိုင်းကို ၂၀၀၅ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ယခင်သစ်တော ရေးရာဝန်ကြီးဌာန)က အမိန့်ကြော်ငြာစာအမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။
၂။ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းသည် မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (Mottama Gas Transportation Company- MGTC)၊ တနင်္သာရီပိုက်လိုင်း ကုမ္ပဏီ (Taninthayi Pipeline Company-TPC)နှင့် အက်ဒမန်ပို့ဆောင်ရေးလီမိတက် (Andaman Transportation Limited-ATL)တို့မှ တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ (လေးသိန်းခွဲ)နှင့် စီမံကိန်းကာလတစ်ခု (၄နှစ်)အတွက် အမေ ရိကန်ဒေါ်လာ (၁.၈ သန်း)နှင့် နိုင်ငံတော်မှထည့်ဝင်ငွေ(In Kind) ကျပ် (၁၅၄)သန်းဖြင့် သစ်တောဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နှစ်ရှည် စီမံကိန်း တစ်ခုဖြစ်ပါသည်။
၃။ စီမံကိန်းအား ၂၀၀၅-၀၆ ခုနှစ်မှစတင်၍ ၂၀၃၄-၃၅ ခုနှစ် အထိ နှစ်(၃၀) ဆောင်ရွက် သွားရန် ရည်မှန်းထားရှိပြီး ပထမ (၄) နှစ် စီမံကိန်းအား (၂၀၀၅-၀၆ မှ ၂၀၀၈-၀၉) အထိ လည်းကောင်း၊ ဒုတိယ (၄)နှစ် စီမံကိန်းအား (၂၀၀၉-၁၀ မှ ၂၀၁၂-၁၃) အထိနှင့် တတိယ(၄) နှစ်စီမံကိန်းကာလအား (၂၀၁၃-၁၄ မှ ၂၀၁၆-၁၇)အထိ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ စတုတ္ထ (၄)နှစ် စီမံကိန်းကာလ (၂၀၁၇-၁၈ မှ ၂၀၂၀-၂၁)၏ စီမံကိန်း တတိယနှစ် (၂၀၁၉-၂၀)အဖြစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။

တည်နေရာနှင့် အကျယ်အဝန်း
၄။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း ထားဝယ်မြစ်နှင့် ထိုင်း/မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်အကြား တည်ရှိပါသည်။ လူဝိုင်းကြိုးဝိုင်း (၂၀၈,၂၄၀) ဧကနှင့် ဟိန်းဇဲ-ကလိန်အောင်ကြိုးဝိုင်း(အပိုင်း) (၂၁၁,၈၃၆.၈ဧက) တို့ပါဝင်ပြီး စုစုပေါင်းဧရိယာ ၁,၇၀၀ စတုရန်းကီလိုမီတာ (၄၂၀,၀၇၆.၈ ဧက ) ကျယ်ဝန်းပါသည်။
၅။ စီမံအုပ်ချုပ်မှုအနေဖြင့် စီမံကိန်းဧရိယာအား အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆,၉၁၂ ဧက (၈၀%)၊ ကြားခံထိန်းသိမ်းရေးနယ်မြေ ၇၉,၉၅၂ ဧက (၁၉ %)နှင့် ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေး နယ်မြေ ၃,၂၁၃ ဧက (၀.၇၇ %)တို့အဖြစ် သတ်မှတ်၍ စီမံအုပ်ချုပ်လျက်ရှိပါသည်။

၆။ သဘာဝကြိုးဝိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်လျင်မြန်မှု ရှိစေရန် အတွက် အလယ်စခန်း၊ ရာဖူး၊ မရမ်း ချောင်း၊ မိကျောင်းလှောင်း၊ ကျောက်ရှပ်၊ ရေပုံး၊ ဟိန္ဇဲ၊ သက္ကယ် ကွက်၊ ကလုံးထာ၊ မြေးခံဘော်ဟူ၍ စခန်းခွဲ(၁၀)ခုဖြင့် နယ်မြေပိုင်းခြားသတ်မှတ်၍ စီမံကိန်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောအမျိုးအစားနှင့် ဖုံးလွှမ်းမှု
၇။ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း အဓိကအားဖြင့် အမြဲစိမ်းတော(Ever Green) အမျိုးအစား ပေါက်ရောက်လျက်ရှိပြီး (FRA 2015)အရ သစ်တောဖုံးလွှမ်းမှုအခြေအနေမှာ -
ရွက်အုပ်ပိတ်တော - ၅၆.၈၆%
ရွက်အုပ်ပွင့်တော - ၁၉.၉ %
ခြုံပုတ်တော - ၁၄.၁၉ %
အခြားမြေ - ၉.၀၅ %

သဘာဝသယံဇာတများ

၈။ သဘာဝသယံဇာတများအနေဖြင့်-
အပင်မျိုးစိတ် - ၃၈၄ မျိုး
သစ်ခွမျိုးစိတ် - ၉၀ မျိုး
ဝါးမျိုးစိတ် - ၃၀ မျိုး
ကြိမ်မျိုးစိတ် - ၁၇ မျိုး
ဆေးဖက်ဝင်အပင် - ၃၈၂ မျိုး

နို့တိုက်သတ္တဝါ - ၆၇ မျိုး
ငှက်မျိုးစိတ် - ၂၄၄ မျိုး
ကုန်းနေရေနေ - ၃၀ မျိုး
တွားသွားသတ္တဝါ - ၃၆ မျိုး


စီမံကိန်း၏အန္တိမရည်မှန်းချက်
၉။ စီမံကိန်း၏ အန္တိမရည်မှန်းချက်များမှာ-
(က) အပူပိုင်းမုတ်သုန်သစ်တောကြီးများနှင့် မျိုးသုဉ်းပျောက်ကွယ်ရန်အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန်များ၊ သဘာဝအပင်မျိုးစိတ်များကို ရေရှည်တည်တံ့စေရေးအတွက် ကာကွယ်ထိန်း သိမ်းရန်၊
( ခ) ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုပေးခြင်းအားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်း နှင့် ဇီဝမျိုးကွဲများ၏ တန်ဖိုးကိုသိမြင်နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမို ပူးပေါင်းဆောင်ရွက်လာစေရန်တို့ဖြစ်ပါသည်။
အဓိက စီမံကိန်းလုပ်ငန်းကြီး (၆)ရပ်
၁၀။ စီမံကိန်းလုပ်ငန်းများကို အောက်ဖော်ပြပါ လုပ်ငန်းခေါင်းစဉ်(၆)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
(က) ဥပဒေစိုးမိုးရေးလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ကြိုးဝိုင်းအပေါ် ခြိမ်းခြောက်မှုများ လျော့ကျ စေခြင်းဖြင့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများနှင့် အရေးကြီးမျိုးစိတ်များအား ကာကွယ်ထိန်းသိမ်းခြင်း၊
(ခ) သဘာဝကြိုးဝိုင်းနှင့် ယင်း၏ သဘာဝသယံဇာတများ အစဉ်တည်တံ့စေရေး ဒေသခံ ပြည်သူများအား ထိရောက်စွာ ပညာပေးစည်းရုံးခြင်းနှင့် ပူးပေါင်းပါဝင် လာစေခြင်း၊
(ဂ) အကျိုးဆက်စပ်ပတ်သက်သူများ၏ ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထားရှိသည့် တန်ဖိုးထား မှုနှင့် သဘောထားအမြင်များ မြှင့်တင်ပေးခြင်းနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝ မြှင့်တင်ရေး ပံ့ပိုးပေးခြင်း၊
(ဃ) သဘာဝကြိုးဝိုင်းအား ထိရောက်စွာ စီမံအုပ်ချုပ်ထိန်းသိမ်းနိုင်ရေး လိုအပ်သည့် သုတေ သန စစ်တမ်းများကောက်ယူမှတ်တမ်းတင်ခြင်း၊
(င) သဘာဝကြိုးဝိုင်းစီမံအုပ်ချုပ်ထိန်းသိမ်းရေး လိုအပ်သည့်စီမံခန့်ခွဲမှုနှင့်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊
(စ) သဘာဝကြိုးဝိုင်း ရေရှည်တည်တံ့ရေးနှင့် မြန်မာ့ထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ် ထိန်းသိမ်းရေးတွင် ပူးပေါင်းပါဝင်ရန် လုပ်ငန်းများဆောင်ရွက်ခြင်း၊

၁၁။ စီမံကိန်း၏အန္တိမရည်မှန်းချက်အရ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးဟူ၍ လုပ်ငန်းအပိုင်း(၂)ပိုင်းဖြင့်ဆောင်ရွက်လျက်ရှိရာ ဇီဝမျိုးစုံမျိုးကွဲများနှင့် ၄င်းတို့၏နေရင်းဒေသများ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများအဖြစ် စခန်းခွဲဧရိယာများအလိုက် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း အမဲလိုက်ခြင်း၊ စီးပွားဖြစ်သစ်ထုတ်လုပ်ခြင်း၊ စီးပွားဖြစ် ငါးဖမ်းခြင်းများမရှိစေရန်အတွက် ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများ လစဉ်ဆောင်ရွက်လျက် ရှိပြီး၊ ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းဝန်ထမ်းများ သီးသန့်ဆောင်ရွက်ခြင်းအပြင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ဆောင်ရွက်ခြင်း၊ စိတ်ပါဝင်စားသည့်ဒေသခံ ပြည်သူများအား ကင်းလှည့်ခြင်းသင်တန်းများပေး၍ ပူးတွဲကင်းလှည့် ခြင်း၊ နယ်စပ်ဧရိယာတွင် ထိုင်းနိုင်ငံ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ခြင်း၊ နေရင်းဒေသပြန်လည်တည်ထောင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၁၂။ ထို့အပြင် ဇီဝမျိုးစုံမျိုးကွဲများစာရင်းကောက်ယူ၍ ရှင်သန်ကျက်စားမှုအလေ့အထများ စူးစမ်း လေ့လာနိုင်ရန်အတွက် ကင်မရာထောင်ချောက်များ တပ်ဆင်လေ့လာခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိပြီး ကင်မရာထောင်ချောက်များ တပ်ဆင်လေ့လာခြင်းနှင့် ကင်းလှည့်ခြင်းမှ ရရှိသော ကိန်း ဂဏန်းများကို SMART Database စနစ်ဖြင့် စဉ်ဆက်မပြတ်လေ့လာသုံးသပ်၍ ဂေဟစနစ်ပြန်လည် ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက် လျက်ရှိပါသည်။
၁၃။ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ထာဝစဉ်တည်တံ့စေမည့် အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဝါး၊ ကြိမ်၊ ဝဥ၊ ချဉ်ပေါင်ဖာလာ စသည့် အသေးအဖွဲသစ်တောထွက်ပစ္စည်းများ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ် ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဈေးကွက်ချိတ်ဆက် ရှာဖွေပေး ခြင်း၊ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ဒေသခံပြည်သူလူထုနှင့် အခြေခံပညာကျောင်း များတွင် သဘာဝထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁၄။ ထို့အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောအသုံးပြုသူများအဖွဲ့များ ဖွဲ့စည်းတည်ထောင်၍ ကြက်မောက်၊ ဒူးရင်း၊ ပိန္နဲ၊ မင်းကွတ်၊ ကျွဲကောအစရှိသည့် သီးပင်စားပင်များ ဖြန့်ဝေခြင်း၊ သစ်တောသစ်ပင်များ ဖြန့်ဝေပေး ခြင်း၊ ဝက်မွေးမြူရေး၊ ပျားမွေးမြူရေး၊ ဝဥ၊ ချဉ်ပေါင်ဖာလာစိုက်ပျိုးရေးစသည့် ဝင်ငွေတိုးလုပ်ငန်း များအတွက် နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ အတွက် ထောက်ပံ့ကူညီခြင်းနှင့် အရင်းမပျောက်မတည်ရင်းနှီးငွေများ ထုတ်ပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိပါသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာရှိ ဒေသခံပြည်သူများသို့
ထောက်ပံ့ခဲ့မှုအခြေအနေ (၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်အထိ)

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများဆောင်ရွက်ခြင်း

• ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူများအဖွဲ့စုစုပေါင်း = ၁၂ ဖွဲ့
• အသုံးပြုသူအရေအတွက် စုစုပေါင်း = ၇၁၁ ဦး
• တည်ထောင်ထားရှိသည့် ကျေးရွာစုစုပေါင်း = ၉ ရွာ
• စုစုပေါင်း ဧရိယာဧက = ၁၄၀၇၈.၅ ဧက

ထိန်းသိမ်းထားရှိမှု

• သဘာဝတောထိန်းသိမ်းရေး ဧရိယာ = ၁၀၁၄၆.၅ ဧက (၇၃.၁၅ %)
• ရေထိန်းတော ဧရိယာ = ၄၆၄ ဧက ( ၃.၃၅ %)
• တန်ဖိုးမြှင့်စိုက်ခင်း ဧရိယာ = ၂၀၁ ဧက ( ၁.၄၅ %)
• သီးနှံသစ်တောရောနှောစိုက်ခင်း ဧရိယာ = ၂၉၀၆ ဧက (၂၀.၉၅ %)
• သစ်တောစိုက်ခင်း ဧရိယာ = ၃၆၁ ဧက ( ၁.၁ %)

အရင်းမပျောက်မတည်ငွေ ထောက်ပံ့ပေးအပ်ခြင်း
၂၀၁၄-၁၅ မှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အထိ CF အသုံးပြုသူအဖွဲ့ (၁၂) ဖွဲ့နှင့်
ကျေးရွာ(၇)ရွာသို့ စုစုပေါင်းထောက်ပံ့ငွေ =ကျပ်သိန်း (၁၂၁၀)တိတိ

ရေရရှိရေးထောက်ပံ့ဆောင်ရွက်ပေးခြင်း
၂၀၁၄-၁၅ မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၇)ရွာသို့
ရေရရှိရေးအတွက်စုစုပေါင်းထောက်ပံ့ငွေ =ကျပ်သိန်း (၅၆၀)တိတိ

date: 
Wednesday, May 13, 2020 - 10:30