အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ ပခုက္ကူခရိုင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းသတင်း

(၁၇-၉-၂၀၁၃၊ နေပြည်တော်)

သစ်တောများသည် သစ်၊ ထင်း၊ မီးသွေးနှင့် အခြားလူသုံးကုန်ပစ္စည်းများထုတ်ယူရရှိရာ သဘာဝအရင်း အမြစ်များဖြစ်သည့်အပြင် ရေနှင့် မြေသယံဇာတများထိန်းသိမ်းပေးခြင်း၊ ကမ္ဘာ့လေထုသန့်ရှင်းရန် ထိန်းညှိပေး ခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသည်။ ထို့အပြင် ကုန်းတွင်းပိုင်း ဇီဝမျိုးစုံမျိုးကွဲများ၏ ၉၀% ရှင်သန်ရပ်တည်ရာနေရာများလည်းဖြစ်သည်။ သစ်တောများသည် ပြန်လည်ပြည့်ဖြိုးမြဲသဘာဝ သယံ ဇာတများဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်ဖြင့် စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ပါက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သည်။ယခုအခါတွင် သစ်တောများတည်ရှိမှုကြောင့် ရရှိနိုင်သော  ဂေဟစနစ်တန်ဖိုး၊ ရာသီဥတုထိန်းညှိမှုတန်ဖိုး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ တန်ဖိုးများကို အသိအမှတ်ပြုလာ ကြပြီး အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွက်ချက်ရာတွင်ထည့်သွင်းအသုံးပြုလာခဲ့ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်း ဒေသကြီးအတွင်းဆောင်ရွက်နေသော သစ်တောလုပ်ငန်းများအား စစ်ဆေးခဲ့ပါသည်။ ဒုတိယဝန်ကြီးသည် (၁၄.၉.၂၀၁၃)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ချောင်းပုံကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဖွင့်ပွဲသို့တက်ရောက်၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး သည်။

 မိုးရေချိန်လက်မ (၄၀)အောက်ရွာသွန်းသော နေရာဒေသများကို မိုးနည်းရပ်ဝန်းဒေသဟု သတ်မှတ်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးသုံးခုပါဝင်၍ နိုင်ငံဧရိယာ၏ ၁၀%ခန့်ရှိသည်။ အပူပိုင်းမိုးနည်း ရပ်၀န်းဒေသဖြစ်သဖြင့် သစ်တောသစ်ပင်ပေါက်ရောက်မှုကျဲပါးသည်။ ဒေသခံများ၏ထင်းလောင်စာ လိုအပ် ချက်နှင့် အခြားစီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် အဓိက အသုံးပြုမှုများကြောင့် အပူပိုင်းဒေသရှိတောများ လျော့နည်းပြုန်းတီးခဲ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအား ခေတ်အဆက်ဆက် စီမံချက်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးခဲ့သည်။ ဒေသခံများ၏ ထင်း၊ တိုင်၊ မျော လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ကျေးလက်ဒေသရေရရှိရေး လုပ်ငန်းများအားဖော်ဆောင်ပေးခဲ့သည်။ အပူပိုင်းဒေသတွင် ပါဝင်လျက်ရှိသော ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ ချောင်းပုံကန်ဘေးမဲ့တောသည် ဒေသအတွင်းရှိ  ပြည်သူများ၏ အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းထားသောနေရာ ဒေသတစ်ခုဖြစ်ပါသည်။ ဧရိယာ ၅၄၅ ဧက ကျယ်ဝန်းပြီး မြန်မာ့ရှားသစ်မျိုးများ ပေါက်ရောက်လျက်ရှိပြီး၊ မြန်မာ့ရွှေသမင်နှင့်အခြားသားငှက်တိရစ္ဆာန်များ ကျက်စားနေထိုင်ရာဖြစ်ပါသည်။ ချောင်းပုံကန်ဘေးမဲ့တော အားပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာ ၅ ရွာမှ ပြည်သူများ၏ ဆန္ဒနှင့်အညီယခုကဲ့သို့ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတစ်ခုအဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပါသည်။

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယခုဖွဲ့စည်းသည့် ချောင်းပုံကန်ဘေးမဲ့တောအပါအဝင်  သဘာဝနယ်မြေ (၃၈)ခု တည်ထောင်ပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအားလုံး၏ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တို အတွင်း ယခုကဲ့သို့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတစ်ခု တည်ထောင်နိုင်ခဲ့ခြင်းဖြစ်၍ အထူးကျေးဇူးတင် ရှိပါကြောင်း၊ ယခုတည်ထောင်သော ဘေးမဲ့တောတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိ စာရင်းဝင်မြန်မာ့ရွှေသမင် များနှင့် အပူပိုင်းဒေသကိုယ်စားပြု ဇီ၀မျိုးစုံမျိုးကွဲများကို တိုးချဲ့ထိန်းသိမ်းကာကွယ်ထားနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်သော ပြည်သူလူထုဗဟိုပြု သဘာဝနယ်မြေထိန်းသိမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ နှင့်အညီ စီမံအုပ်ချုပ်လုပ်ကိုင်သွားရန်ဌာနမှ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း၊ ဘေးမဲ့တောတည်ထောင်ခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်နိုင်သည့်အပြင် ဒေသ၏ ရေ၊ မြေနှင့် ရာသီဥတုတို့ကိုပါ မျှတညီညွတ် စေနိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်းဘေးမဲ့တောရေရှည်တည်တံ့ရေးနှင့် အနာဂတ်သားစဉ် မြေးဆက်အား သဘာဝပတ်ဝန်းကျင်အမွေခံကောင်းများ လွှဲပြောင်းပေးနိုင်ရေးတို့အတွက် ဒေသခံကျေးလက် ပြည်သူများမှအသိစိတ်ဖြင့် ထိန်းသိမ်းရန်လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပိုင် တစ်ရွာတစ်ဧက စိုက်ခင်းများ ကြည့်ရှု စစ်ဆေးခြင်း၊ မြိုင်မြို့နယ်၊ ထန်းငယ်တောကျေးရွာ မူလတန်းကျောင်းတွင်ကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်ခြင်း၊ ထန်းငယ်တောကျေးရွာဒေသခံ ပြည်သူအစုအဖွဲ့ ပိုင်သစ်တောတွင် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ သဘာဝရှားတောအားစစ်ဆေးကြည့်ရှုခြင်း၊ စွမ်းအားမြှင့်မီးဖိုများလှူဒါန်းခြင်း၊ ရေစကြိုမြို့နယ် ကျေးရွာ သုံးထင်းစိုက်ခင်းအားစစ်ဆေးခြင်း၊ ရှင်မတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရေစကြိုမြို့နယ်ရှိ ရှင်မတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ၁၉၉၅ ခုနှစ်မှစတင်၍ သစ်တော စိုက်ခင်းများတည်ထောင်ခြင်း ၅၃၅၁ဧက၊  သဘာဝတောကျန်များထိန်းသိမ်းခြင်းများ ၁၂၁၇၄ ဧက၊  ဆောင် ရွက်ခဲ့ရာ ယခုအချိန်၌ တောအဆင့်အတန်းတိုးတက်ကောင်မွန်လာပြီး စိမ်းလန်းစိုပြည်၍ ရွှေသမင်နှင့်အခြား သားငှက်တိရစ္ဆာန်များ ကျက်စားနေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဆက်လက်၍ (၁၅-၉-၂၀၁၃) ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ တန့်ကြည်တောင် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနအနေဖြင့် တန့်ကြည်တောင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအား ၁၉၉၈ ခုနှစ်မှ စတင်၍ သစ်တော စိုက်ခင်းတည်ထောင်ခြင်း  ၆၆၁၁ ဧက၊ သဘာ၀တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း ၃၇၄၀၀ ဧက၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ကွန်တိုဘောင်စိုက်ပျိုးခြင်း ၂၁၅၈၀ ပင် တို့အား ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ဧရာဝတီမြစ်မှ ရေတင်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေဂါလံ ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ဆန့် ရေလှောင်ကန်များ  တည်ဆောက်၍၊ အဆင့်ဆင့်မြစ် ရေတင်၍ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။ ထိုမြစ်ရေတင် ဆောင်ရွက်မှုသည် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအတွက်သာမက တောင်ပေါ်ရှိ ဘိုးဘွားရိပ်သာနှင့် ဘုရားဖူးများအတွက်ပါ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ပါသည်။ တန့်ကြည်ရွာ ကျေးလက် နေပြည်သူများအတွက် ရေနှင့် လျှပ်စစ်မီးလင်းရေးအတွက်လည်း ဌာနနှင့် ဂေါပကအဖွဲ့ပူးပေါင်း၍ ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ယခုအချိန်၌ တန့်ကြည်တောင်နှင့် မုံတောင် စသည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ တောင်စဉ် တောင်တန်းများသည် စိမ်းလန်းစိုပြည်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဒုတိယဝန်ကြီးသည် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံရာတွင် သစ်တောလုပ်ငန်းများဆောင်ရွက်သမျှ အောင်မြင်စေရန်၊လုပ်ငန်းများမအောင်မြင်ပါက ပြည်သူလူထု၏ ဘဏ္ဍာငွေများဆုံးရှုံးနိုင်မှုအပြင်အချိန်၊ လုပ်အားနှင့် ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးများဆုံးရှုံး သည်ကိုပါသိရှိနားလည်ရန် လိုအပ်ကြောင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများသည် ပြည်သူများက သစ်တောထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲနိုင်ရန် တည်ထောင်ပေး ခြင်းဖြစ်သောကြောင့် အမှန်တကယ်သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုဗဟိုပြု သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းရေးဆွဲခြင်းမှအစပြု၍ အကောင်အထည်ဖော်ခြင်း၊ စစ်ဆေး ကြီးကြပ်ခြင်းနှင့် အားနည်းချက်၊ အားသာချက်များ ပြန်လည်သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်၊  ပြည်သူလူထုနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်တို့အား ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

 

(၁၄.၉.၂၀၁၃) ရက်နေ့ မြိုင်မြို့နယ်၊ ချောင်းပုံကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဖွင့်လှစ်ခြင်းအခမ်းအနားတွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်

 

(၁၄.၉.၂၀၁၃)ရက်နေ့ မြိုင်မြို့နယ်၊ထန်းငယ်တောရွာ အခြေခံပညာမူလတန်းကျောင်း၌သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးဟောပြောပွဲ

 

(၁၄.၉.၂၀၁၃)ရက်နေ့ မြိုင်မြို့နယ်၊ထန်းငယ်တောရွာ အခြေခံပညာမူလတန်းကျောင်း၌သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးဟောပြောပွဲ

 

(၁၅.၉.၂၀၁၃) ရက်နေ့ တန့်ကြည်တောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများစစ်ဆေးနေပုံ