သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနှင့် သစ်တောစိုက်ခင်းများစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ရောက်ရှိပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၌ ဆောင်ရွက်လျက်ရှိသည့် တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ်ဗော တံတားတည်ဆောက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်‌(၂၁၇/၀)တွင်တည်ရှိပြီး၊ ပြည်သူများအပန်းဖြေနားနေနိုင်ရန်အတွက် ဆင်စခန်း အပြင်၊ တောတွင်းလျှောက်လမ်းနှင့် ရွက်အုပ်ဖြတ်လျှောက်လမ်းများစီစဉ်ထားရှိသည်။ ထို့အပြင် မိသားစု အလိုက်ထမင်းစား၊ အပန်းဖြေနားနေနိုင်ရန်အတွက်လည်း တဲငယ်များကိုလည်း သဘာဝ အတိုင်း စီစဉ်ထားကြောင်းသိရှိရသည်။
COVID လွန်ကာလပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ဆန်းသစ်မှုများစွာဖြင့် ပြည်သူတို့အား စိတ်အပန်းဖြေနိုင်စေရေးအတွက် တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်းနှင့် ရေပေါ်တံတား စုစုပေါင်းပေရှည် ၄၈၁၇ပေ ကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ယခုအခါ တည်ဆောက် မှု လုပ်ငန်းစဉ် ၄၀% ခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေ လျှောက်လမ်း၊ ရေပေါ်ဗောတံတား တည်ဆောက်နေမှု လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက်ယာယီရှင်းလင်းဆောင်တွင် မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေ ထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်၊ သစ်တောဦီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းတို့ကလည်း လိုအပ်ချက်အား ဖြည့်စွက်ဆွေးနွေးကြသည်။ ပြည်ထောင်စုဝန်ကြီးက တောတွင်းလျှောက်လမ်းအား သဘာဝ အတိုင်း မြေသားလမ်းအတိုင်းဆောင်ရွက်ရန်၊ တံတားအဆင်းအတက် နေရာများတွင် မချော်အောင် စီမံဆောင်ရွက်ရန်၊ အပန်းဖြေနားနေရန်လာရောက်ကြသည့် သက်ရွယ်ကြီးသူများနှင့် ကလေးငယ် များ ဘေးန္တရာယ်ကင်းရှင်းရေးအတွက် တံတားလက်ရန်းများ၊ အကာများကိုလည်း ခိုင်ခံ့အောင် ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ ဘေးအန္တရာယ်မဖြစ်စေရေးကို အလေး ထားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများနှင့် လုပ်သား များအားလည်း စားသောက်ရေး၊ နေထိုင်ရေးများ၌ ကျန်းမာရေးဦးစီးဌာနကချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင် ဆောင်ရွက်ရန်အတွက် အထူးကြပ်မတ် ဆောင်ရွက်ရန်၊ တောတွင်းလျှောက်လမ်း ရေတိုက်စားသည့်နေရာများ၌ နုန်းတားဆည်ငယ်များ တည်ဆောက်ရန်၊ နေရာလွတ်များ၌လည်း ဒေသသစ်မျိုးနှင့် ဝါးမျိုးများစိုက်ပျိုးရန်၊ မူလဂေဟစနစ် အား မပျက်စေဘဲ ပြည်သူများလေ့လာ အပန်းဖြေနိုင်စေရေး စီစဉ်ဆောင်ရွက်ရန်နှင့် ဆင်များ၏ ကျန်းမာရေးနှင့် အစာရိက္ခာဖူလုံစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ်(၂၁၉/၀)၊ တောင်ညိုကြိုးဝိုင်းအကွက်အမှတ် (၇၅)ရှိ ၁၉၈၆ခုနှစ်၊ ပိတောက်ပင်ကြပ်နုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ ပင်ကြပ်နုတ်စိုက်ခင်းအတွင်း သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စိုက်ခင်းအား နမူနာကွက်များခွဲ၍ ပင်ကြပ်နုတ် နည်းအဆင့် အမျိုးမျိုးဖြင့် ပင်ကြပ်နုတ်ဆောင်ရွက်ခဲ့ပြီး ကြီးထွားရှင်သန်မှုအကောင်းဆုံးဖြစ်သည် ပင်ကြပ်နုတ် နည်းအဆင့်ကို ရှင်းလင်းတင်ပြသည်။ သစ်တောဦိးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်း လက်ရှိ အသုံးပြုလျက်ရှိသည့် ပင်ကြပ်နုတ်နည်းအပြင် နိုင်ငံတကာတွင် ကျင့်သုံးဆောင် ရွက်လျက်ရှိသည့် ပင်ကျပ်နုတ်နည်းစနစ်ကို စမ်းသပ်ဆောင်ရွက်နေမှုကို ဖြည့်စွက်တင်ပြသည်။ ပြည်ထောင်စု ဝန်ကြီးက ယခုချမှတ်ထားသည့် နမူနာကွက်များကို အမြဲတမ်းနမူနာကွက်အဖြစ် သတ်မှတ်ထားရှိ၍ နမူနာအကွက်အလိုက်ဆောင်ရွက်ခဲ့သည့် ပင်ကြပ်နုတ်နည်းစနစ်များကို မှတ်တမ်းပြုစုထားရှိရန်၊ နမူနာကွက်အလိုက် အပင်များ၏ ကြီးထွားမှုအခြေအနေကို မှတ်တမ်းထားရှိရန်နှင့် သစ်တော သုတေသီများအတွက် အကျိုးဖြစ်ထွန်းစေမည့် သုတေသနစာတမ်း တစ်စောင် ပေါ်ထွက်လာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

date: 
Tuesday, December 1, 2020 - 14:15