တောဆင်ရိုင်းအားသတ်ဖြတ်ပြီးအစွယ်ဖြတ်ခိုးယူသည့် ဆင်ခိုးဂိုဏ်းအားဖော်ထုတ်အရေးယူ

         ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများဖြစ်သည့် သဘာဝတောများ၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များကို စီမံချက်များချမှတ်၍ ကာကွယ်ထိန်းသိမ်းလျက်ရှိရာ တောဆင်ရိုင်း အကောင်ရေတိုးပွားရေးအတွက် သဘာဝဆင်ထိန်းသိမ်းရေးနယ်မြေများကို တည်ထောင်နေ သကဲ့သို့ ဆင်ပစ်မုဆိုးများကိုလည်း ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စစ္စရံကြိုးဝိုင်း၊ အကွက်အမှတ်(၂၆၅)၊ လင်သက်ချောင်းနှင့် စစ္စရံချောင်းမကြီးဆုံရာတောင်ကုန်းထိပ်တွင် တောဆင်ရိုင်းတစ်ကောင် အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆင်စွယ်ဖြတ်ခိုးယူမှုဖြစ်ပွားခဲ့ရာ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာပေါင်း မြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဆင်သေအားမျက်မြင်တွေ့ရှိသူ တလုပ်ပင်ကွင်းရွာနေ ဝါးခုတ်လုပ်သား မောင်မျိုးမင်းဦးနှင့်အတူ ဆင်သေနှင့်ပတ်သက်သည့် အချက်အလက်များကို ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။ သတင်းကွင်းဆက် ဖော်ထုတ်ချက် အရ သာပေါင်းမြို့နယ်၊ ကွင်းချောက်ကျေးရွာအုပ်စု၊ ရေငန်းစမ်းကုန်းရွာနေ ဦးခင်လွင်(ဘ) ဦးရှိန်လေး၏ နေအိမ်အားသက်သေ(၂)ဦးနှင့်အတူ ရှာဖွေစစ်ဆေးရာ နေအိမ်ပေါ်ရှိ သေတ္တာ အတွင်းမှ ပြောင်းအရှည်(၁၈)လက်မခန့်၊ လုံးပတ်(၃)လက်မခန့်ရှိ သစ်သားရိုးတပ် လက်လုပ် တူမီး(၁)လက်(ယမ်းနံ့ရ)နှင့်အရှည်(၃၂)လက်မခန့်ထိပ်တွင်ယမ်းထောင်းဘုသီးတပ်ယမ်းထောင်း သံချောင်း(၁)ချောင်း၊ Max Plus အချိုရည်ဘူးခွံ အတွင်းထည့်ထားသော စပ်ယမ်း(၁)ဘူး၊ အဖြူရောင်ကော်ဘူး(၂)ဘူးဖြင့်ထည့်ထားသော စပ်ယမ်း(၁) ဘူးနှင့် သံဘောစေ့(၈)လုံး (၁)ဘူး၊ လက်လုပ် ခဲသီးငယ်(၄) လုံး၊ ကန့်တုံးငယ် တစ်ကျပ်သားခန့်(၁)တုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အရှည်(၆) လက်မခန့်ရှိ ဆင်မြီးအမွေးအသစ် အချောင်း(၃၀) နှင့် အဟောင်း(၉၀)ချောင်းတို့အား ဖမ်းဆီးရမိပါသည်။ တရားခံအား စစ်ဆေးမေးမြန်းချက်အရ ဆက်စပ်တရားခံ(၇)ဦးအနက် ဦးချိုဌေး(ဘ) ဦးတင်မြ၊ ဦးကျော်မင်းလွင် (ဘ) ဦးခင်လွင်၊ ဦးအောင်မြတ်စိုး(ဘ) ဦးတင်ထူး တို့အားဖမ်းဆီးရမိပြီး ကျန်ရှိတရားခံ(၄) ဦးအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိပါသည်။

          တရားခံ ဦးခင်လွင်ပါ (၈) ဦးအား လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ (ပ)၄၃/၂၀၁၃ ဖြင့် လည်းကောင်း၊  တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ၃၇(က)အရ (ပ)၄၄/၂၀၁၃ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိပါသည်။