ရမ်ဆာရေဝပ်ဒေသများ

ရေငှက်များ၏ နေရင်းဒေသကဲ့သို့သော နိုင်ငံတကာအရေးပါသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း) ကို ၁၉၇၁ ခုနှစ်၌ အီရန်နိုင်ငံ၊ ရမ်ဆာမြို့၌ စတင်အတည်ပြုဖွဲ့စည်းခဲ့ပါသည်။ ရေတိမ်ဒေသများကို အကျိုးရှိစွာအသုံးပြုနိုင်ရေး အတွက် ရည်ရွယ်၍ ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားသည့်နိုင်ငံပေါင်း (၁၆၈) နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂ဝဝ၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် သတ်မှတ်ပြီး Ramsar sites (၅) ခုရှိပါသည်။ အဆိုပါ Ramsar sites (၅) ခုမှာ

  1. မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  2. အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  3. မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
  4. မုတ္တမပင်လယ်ကွေ့
  5. အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော 

မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

မိုးယွန်းကြီးအင်းသည် စစ်တောင်း နှင့် ပဲခူးမြစ်တို့ကို ဆက်သွယ်ထားသည့် တူး မြောင်းသို့ ရေ ဖြည့်ဆည်းပေးနိုင်ရန် ၁၉၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရေလှောင်တမံ ဖြစ်သည်။ ထို့နောက်တွင် ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်များ၏ ကျက်စားနယ် မြေများကို ကာကွယ်ရန်၊ ငှက်မျိုးစိတ်များ နှင့် ပတ်သက်သည့် သုတေသန လုပ်ငန်း များကို ဆောင်ရွက်ရန်၊ ရေဝပ်ဒေသဂေဟစနစ်ဝန်ဆောင်မှုများကို ရေရှည်တည်တံ့ စေရန်၊ ရေဝပ်ဒေသဂေဟစနစ်ဝန်ဆောင်မှုများကို အကျိုးရှိစွာ အသုံး ပြုနိုင်ရန်၊ ပြည်သူများ၏ ရေဝပ်ဒေသ ဂေဟစနစ် နှင့် ယင်း၏ အရေး ကြီးမှုအပေါ် သိမြင်မှု မြင်မားလာရန်၊ ထိန်းသိမ်းရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန်၊ ရန်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းကိုအထောက်အကူပြုရန် ရည်ရွယ်၍ ၁၉၈၈ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် “မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အဖြစ် သတ် မှတ်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Ramsar sites အဖြစ်သတ်မှတ်ခံခဲ့ရပါသည်။ မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ရှိပြီး ၂၅၆၀၀ ဧက၊ ၄၀ စတုရန်းမိုင် ကျယ်ဝန်းသည်။ မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ (၁၂)မျိုး၊ ကုန်းနေရေနေ နှင့် တွားသွား သတ္တဝါ (၁၈)မျိုး၊ အင်းဆက် (၃၃)မျိုး၊ ဆောင်းခိုငှက် (၅၉)မျိုး၊ ဌာနေ ငှက် (၇၇)မျိုး၊ ငါး (၄၄)မျိုး၊ ရေနေပင် (၇၄)မျိုး တို့ကို မှတ်တမ်းတင်ပြီးဖြစ်သည်။ သုတေသီများအနေဖြင့် မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ဆောင်းခိုငှက်များ၊ ဌာနေငှက်များ နှင့် သစ်တောငှက်များ ကျက်စားမှု၊ ပြောင်းလဲမှု၊ မိရိုးဖလာငါးဖမ်းဆီးနည်း နှင့် ငါးရေရှည် ရရှိနိုင်မှု၊ ရေဝပ်ဒေသမှ ရရှိသည့် သယံဇာတ နှင့် ဝန်ဆောင်မှုများ၏ ဒေသခံများအသက်မွေးမှုအပေါ် ပံ့ပိုးနိုင်မှု၊ ကျက်စားနယ်မြေများ ပြောင်းလဲမှု၊ ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ်များ၊ ရာသီဥတုပြောင်းလဲမှု၏ ရေဝပ်ဒေသ ဂေဟစနစ်များအပေါ် အကျိုးသက်ရောက်မှု၊ ရေရှည်မတည်တံ့နိုင်သည့် အသက်မွေး လုပ်ငန်းများ (စားကျက် အလွန်အကျွံချခြင်း၊ ဘီလားပိုက်ထောင်ခြင်း၊ ရှော့ တိုက်ငါးဖမ်းခြင်း) ကြောင့် ဇီဝမျိုးစုံမျိုးကွဲအပေါ် ထိခိုက်မှုနှင့် ကျူးကျော်ဝင်ရောက်လာသည့် မျိုးစိတ်များ (ခရုနီ၊ တီးလား ပီးယား) စသော သုတေသနပြုရန် အခွင့် အလမ်းများရှိပါသည်။

အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

မြန်မာနိုင်ငံရှိ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီး နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း (၅) ခုကို အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် အရှေ့တောင်အာရှ၏ အကြီးဆုံးကုန်းတွင်း ရေဝပ် ဒေသကို ကာကွယ်ရန်၊ ရေပျော်ငှက်နှင့် သစ်တောငှက်များ၊ဆောင်းခိုငှက်များအားကာကွယ်ရန်၊ ရှားပါးတောရိုင်း တိရစ္ဆာန်များအား ထိန်းသိမ်းနိုင်ရန်၊ သိပ္ပံသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်၊ နှင့် ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သတ်မှတ် ဖွဲ့စည်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်လည်း ကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်း ကောင်း၊ ၂၀၁၇ ခုနှစ်တွင်လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း သတ်မှတ်ခံရသည်။ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး (၃၁၄.၆၇) စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အင်းတော်ကြီးကန်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၅၀၀) ကျော်တွင် တည်ရှိသည်။ ကန်ပတ်လည်တွင် အမြင့်ပေ (၁၀၀၀) မှ (၄၀၀၀) ရှိသော မတ်စောက်သည့် တောင်တန်းများမှ ဝန်းရံထား သည်။ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ သွားရောက်မည်ဆိုပါက ရန်ကုန်မှ မြစ်ကြီးနား(လေယာဉ်)ဖြင့်လည်းကောင်း၊ ထိုမှတစ်ဆင့် မြစ်ကြီးနားမှ ဟိုပင်သို့ ကားဖြင့် လည်းကောင်း သွားရောက်နိုင်ပါသည်။ သို့မဟုတ် ရန်ကုန်−မန္တလေး−မိုးညှင်း−ဟိုပင်သို့ ကားသို့မဟုတ် ရထားဖြင့် သွားရောက်နိုင်ပါသည်။ တောအမျိုးအစားများမှာ အထက်ရွက်ပြတ်ရောနှောတောစိုနှင့် အမြဲစိမ်းတော တို့ဖြစ်ကြပြီး  နို့တိုက်သတ္တဝါ (၃၂)မျိုး၊ ငှက် (၂၆၅)မျိုး၊ ကုန်းနေရေနေ တွားသွားသတ္တဝါ (၈၀)မျိုး၊ ငါး (၉၀)မျိုး၊ လိပ်ပြာ (၅၀)မျိုး၊ သစ်မျိုး (၈၅) မျိုး၊ ဆေးဘက်ဝင်ပင် (၅၆) မျိုး၊ သစ်ခွ (၇၀) မျိုး၊ ဝါး (၁၁) မျိုး၊ ကြိမ် (၅) မျိုး၊ မြက် (၁၄)မျိုးတို့ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပီးဖြစ်သည်။ သုတေသနပြုလုပ်လိုသူများအနေဖြင့်လည်း အင်းတော်ကြီးကန် ဒေသရင်း ငါးမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ ပျံ့နှံ့ကျက်စားမှု၊ ဒေသခံများ၏ သယံဇာတ အသုံးပြုမှု နှင့် ဂေဟစနစ် ဝန်ဆောင်မှု ဆက်စပ်မှု၊ ရာသီဥတုပြောင်းလဲမှု၏ ရေဝပ်ဂေဟစနစ်အပေါ် သက်ရောက် မှု၊ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းများနှင့် ငါးမျိုးစိတ်များ အခြေအနေ၊ ရှားပါးတောရိုင်း တိရစ္ဆာန်များ၏ ဇီဝဗေဒ နှင့် ဂေဟဗေဒ သဘာဝအခြေခံခရီးသွား လုပ်ငန်းအလားအလာ၊ ပတ်ဝန်းကျင်ရှိ ရွှေတူးဖော်ခြင်းမှ ထွက်ရှိလာသည့် အနည်အနစ်များ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟစနစ်များအပေါ် အကျိုးသက် ရောက်မှု စသည်တို့နှင့် ပတ်သက်၍ သုတေသနပြုနိုင်ရန် အခွင့်အလမ်းများရှိပါသည်။ ထို့အပြင် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်ကြည့်ခြင်း၊ လှေအပျော်စီးခြင်း၊ မိရိုးဖလာငါးဖမ်းခြင်း၊ ရွှေမိဉ္ဇူဘုရားပွဲ၊ ရှားပါးတောရိုင်း တိရစ္ဆာန်များ၊ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံများ ကို လာရောက်လေ့လာ၍လည်း အပန်းဖြေနိုင်ပါသည်။

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

မိန်းမလှထင်းကြိုးဝိုင်းအဖြစ် ၁၉၁၅ ခုနှစ် တွင်လည်းကောင်း ၁၉၈၅ ခုနှစ်၌ မိန်းမလှတိုးချဲ့ကြိုးဝိုင်း အဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတော ဂေဟစနစ်ကို ကာကွယ်ရန်၊ ငါး၊ပုဇွန်များ မျိုးပွားခိုလှုံရာဒေသများကို ကာကွယ်ရန်၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေချိုနှင့် ရေငံစပ် မိကျောင်း (Crocodylus porosus)  သဘာဝအတိုင်း ရှင်သန်နိုင်ရန် ရည်ရွယ်၍ “မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် နှင့် ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ (Ramsar Site) အဖြစ် သတ်မှတ် နိုင်ခဲ့ပါသည်။ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် တည်ရှိပြီး ၃၃၇၇၆ ဧက(၅၂.၇၈ စတုရန်းမိုင်)ကျယ်ဝန်းသည်။ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဘိုကလေးမြစ်ဝတွင်တည်ရှိပြီး၊ မြစ်နှင့်အတူပါလာသည့် အနည် အနှစ်များမှတစ်ဆင့် ဖြစ်လာသည့် ရွှံ့၊ နုန်းမြေအကြားတွင် ဒီရေ အတက်အကျရှိသော ချောင်းလက်တက် အများအပြား ယှက်နွယ် စီးဆင်းလျက်ရှိသည်။ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ သွားရောက် လိုပါက ရန်ကုန် မှ ဘိုကလေးကားလမ်းခရီးဖြင့် (၈၄)မိုင် ထိုမှတစ်ဆင့် ဘိုကလေး မှ မိန်းမလှကျွန်းသို့ စက်လှေဖြင့် (၁၂)မိုင် ခရီးဖြင့် သွားရောက်နိုင်ပါသည်။ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ (၁၈) မျိုး၊ ငှက် (၁၉၀) မျိုး၊ ကုန်းနေ၊ ရေနေ နှင့် တွား သွားသတ္တဝါ (၃၈) မျိုး၊ ငါး (၁၁၀) မျိုး၊ ဂဏန်း (၆) မျိုး၊ ပုဇွန် (၁၄) မျိုး၊ လိပ်ပြာ (၃၅)မျိုး၊ ဒီရေတောသစ်မျိုး (၂၉)မျိုးနှင့် သစ်ခွ (၆)မျိုး တို့ကို မှတ်တမ်းတင် နိုင်ခဲ့ပြီးဖြစ်သည်။ သုတေသနပြုလုပ်နိုင်သည့် အခြေအနေများ ငှက်မျိုးစိတ်များ ပျံ့နှံ့ကျက်စားမှု နှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ၊ ရေချိုရေငန်စပ် မိကျောင်း၏ အလေ့အထ နှင့် ဂေဟစနစ်များ၊ ရာသီဥတုပြောင်းလဲမှု၏ ဒီရေတောဂေဟစနစ် အပေါ် အကျိုး သက်ရောက်မှုများ၊ ဒေသခံများ၏ လူမှုစီးပွားရေးကို ဒီရေတောမှ ရရှိသည့် သယံ ဇာတများက အထောက်အကူပြုမှုနှင့် ဒီရေတော ဂေဟစနစ်ဝန်ဆောင်မှုများ နှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှု လျော့နည်းသက်သာခြင်း ဆက်စပ်မှု တို့နှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်နိုင်ပါသည်။ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဒီရေတောအတွင်း စက်လှေစီး၍ လေ့လာခြင်း၊ ဒေသခံများ၏ မိရိုးဖလာ ငါး ဖမ်းဆီးခြင်း၊ မိကျောင်းများ၏ ကျက်စားမှု အလေ့အထများ ကို လေ့လာခြင်း၊ ငှက်ကြည့်ခြင်းနှင့် ဧရာဝတီလင်းပိုင်များ နေထိုင် ကျက်စားမှု စသည်တို့နှင့် ပတ်သက်၍ လေ့လာကြည့်ရှု အပန်းဖြေ နိုင်ပါသည်။

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

အင်းလေးကန်သည် လွန်ခဲ့သော နှစ်သန်းပေါင်း (၆၅) သန်းမှ (၁.၆) သန်းခန့်အတွင်း ကျောက်ပြိုရေကန် (Tectonic Lake) မှ ကျောက်ပျော်ရေကန် (Solution Lake) အဖြစ်သို့ ပြောင်းလဲခဲ့သော သဘာဝရေချိုကန် ကြီးဖြစ်ပါသည်။ ရေဝပ်ဒေသ ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ဌာနေငှက်များ၊ ဆောင်းခိုငှက်များနှင့်ယင်းတို့၏ စားကျက် များကို ကာကွယ်ရန်၊ အင်းလေးဒေသ၌သာတွေ့ရှိရသည့် ဒေသရင်းငါးမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်ရန်၊ ရည်ရွယ်၍ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၈၅ ခုနှစ် တွင် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ်၌ အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် နှင့် ၂၀၁၅ ခုနှစ် တွင် လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) အဖြစ် သတ်မှတ်ခံရသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညှောင်ရွှေမြို့နယ် အတွင်း တည်ရှိပြီး (၂၀၆.၀၇) စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၂၉၀၀) ခန့်တွင် တည်ရှိပြီး၊ ပေ ၃၀၀၀ မှ ၅၀၀၀ အထိ မြင့်သည့် တောင်တန်းများ ဝန်းရံထားကာ အလယ်တွင် ချိင့်ဝှမ်းသဖွယ်တည်ရှိသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ လာရောက်လိုပါက ရန်ကုန်မှ ဟဲဟိုးသို့ လေယာဉ်ဖြင့် လာ၍ ဟဲဟိုးမှ ညောင်ရွှေသို့ ကားဖြင့် လာရောက်နိုင်သည်။ ထို့အပြင် ရန်ကုန်မှ ဟဲဟိုးသို့ ကားဖြင့် တိုက်ရိုက်လည်း လာရောက်နိုင်ပါသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရွှံ့နွံတော၊ ကမ်းခြေရေတိမ် နှင့် ကျွန်းမျောရိုင်းများ၊ ကိုင်းမြက် တော တို့ပေါက်ရောက်ပြီး သစ်တောငှက် (၂၅၉) မျိုး၊ ရေပျော်ငှက် (၉၁) မျိုး၊ ငါးမျိုးစိတ် (၆၁) မျိုး၊ လိပ် (၃) မျိုး၊ လိပ်ပြာ (၉၄) မျိုး၊ နို့တိုက်သတ္တဝါ (၉) မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၂၅) မျိုး၊ ဆေးဘက်ဝင်အပင် (၅၂၇) မျိုး၊ ရေညှိရေမှော် (၁၂) မျိုး၊ သစ်မျိုး (၈၆)မျိုး၊ ဝါး (၁၁)မျိုးနှင့် သစ်ခွမျိုး (၁၈၄) မျိုး တို့ကို မှတ်တမ်းတင်ထားရှိ နိုင်ခဲ့ပြီးဖြစ်သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဒေသခံများ၏ စိုက်ပျိုးရေး၊ အခြားအသက်မွေးလုပ်ငန်းများ နှင့် ကန်အရည်အသွေး ဆက်စပ်မှုများ၊ ရာသီဥတု ပြောင်းလဲမှု၏ ရေဝပ်ဒေသဂေဟစနစ်အပေါ် အကျိုးသက်ရောက်မှု၊ ဌာနေ နှင့် ဆောင်းခိုငှက်များ ကျက်စားမှု၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း၊ မိရိုးဖလာ သယံဇာတအသုံးချမှုများ၊ ဒေသရင်းငါးမျိုးစိတ်များ၊ ဂေဟစနစ်ပြန်လည် တည်ထောင်ရေး လုပ်ငန်းများ စသည်တို့နှင့်ပတ်သက်၍ သုတေသနပြုလုပ်နိုင်မည့် အခြေအနေ များရှိပါသည်။ ထို့အပြင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ရေဝပ်ဒေသဂေဟစနစ်၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ၊ ရှားပါးငှက်မျိုးများ ဖြစ်သည့် ကြိုးကြာ ငှက်များ(Sarus Crane)၊ (Common Crane)၊ ငှက်ကြီးဝန်ပို(Pelican)နှင့် ချည်ခင်စွပ် (Stork)၊ ဒေသခံလူမျိုး၏ ရိုးရာဓလေ့ နှင့် အသက်မွေးလုပ်ငန်းများ၊ ကျွန်းမျောများ၊ ကန်အတွင်း လှေစီးခြင်း၊ ဖော်တော်ဦးဘုရားပွဲတော် စသည်တို့နှင့် ပတ်သက်၍ လည်း လာရောက်လေ့လာ အပန်းဖြေနိုင်ပါသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ လာရောက်လည်ပတ်ပါကလည်း အဆင်မြင့်ဟိုတယ်များ၊ဒေသခံ တည်းခိုဆောင်များ၊ ဒေသခံ လမ်းပြများ၊ ဧည့်လမ်းညွှန်များ၊ စက်လှေ နှင့် လက်လှော်လှေများ၊ ဆိုင်ကယ်၊ ကား နှင့် စက်ဘီးတို့ ငှားရမ်းရရှိခြင်း၊ MAB ပညာပေးပြခန်း၊ ငှက်ကြည့်စင်များ၊ နှင့် ရိုးရာယဉ်ကျေးမှုအကများ စသည့် ဝန်ဆောင်မှုများလည်း ရရှိနိုင်ပါသည်။